Skip to content

Prayer အကြောင်း ကျမ်းစာအခန်းငယ်များ

720 အခန်းငယ် · 120 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါးကို တောင်းလျှင် မြွေကို ပေးမည်သူ တစုံတယောက်မျှသင်တို့တွင် ရှိသလော။

  2. သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား ကောင်းသောအရာကိုသာ၍ ပေးတော်မူမည် မဟုတ်လော။

  3. မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုလည်းယူ၍ ကောင်းကင်သို့ကြည့်မြော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီး မှ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။

  4. ခါနာန်အမျိုးဖြစ်သောမိန်းမတယောက်သည် ထိုနယ်စပ်မှထွက်လာ၍၊ ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မ ကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်ဟု ဟစ်ကြော်သော်လည်း စကားတခွန်းမျှ ပြန်တော်မမူ။

  5. တပည့်တော်တို့သည်ချဉ်းကပ်၍၊ ထိုမိန်းမပြန်သွားရသောအခွင့်ကို ပေးတော်မူပါ။ ငါတို့နောက်သို့ လိုက်၍ ဟစ်ကြော်လျက်နေပါသည်ဟု တောင်းလျှောက်ကြ၏။

  6. ကိုယ်တော်ကလည်း၊ ဣသရေလအမျိုးအဝင် ပျောက်လွင့်သောသိုးများမှတပါး အခြားသောအမျိုးရှိ ရာသို့ ငါ့ကိုမစေလွှတ်ဟု မိန့်တော်မူ၏။

  7. ထိုမိန်းမသည် ချဉ်းကပ်၍ပြပ်ဝပ်လျက် ကျွန်မကို ကယ်တော်မူပါသခင်ဟု လျှောက်ပြန်လျှင်၊

  8. ကိုယ်တော်က၊ သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု ပြန်ပြောတော်မူ၏။

  9. မိန်းမကလည်းမှန်ပါ၏သခင်၊ ခွေးမည်သည်ကား မိမိသခင်၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင်၊

  10. အိုမိန်းမ၊ သင်သည်ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟုမိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။

  11. မုန့်ခုနှစ်လုံးနှင့် ငါးတို့ကိုလည်းယူ၍ ကျေးဇူတော်ကိုချီးမွမ်းပြီးမှ၊ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့လည်း လူအပေါင်းတို့အား ပေးကြ၏။

  12. တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင်နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်း လျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။

  13. အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။

  14. ယုံကြည်ခြင်းပါလျက် ပဌနာပြု၍ ဆုတောင်းသမျှတို့ကို သင်တို့သည်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

  15. ထိုအခါ စားလျက်နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တို့အား ပေးတော်မူ၏။

  16. ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ သင်တို့ရှိသမျှသည် သောက် ကြလော့။

  17. ထိုမှ အနည်းငယ်လွန်ပြန်လျှင် ပြပ်ဝပ်၍အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။

  18. ကိုယ်တော်သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍၊ ကောင်းကင်သို့ ကြည့်မျှော်လျက် ကျေးဇူးတော် ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများတို့ရှေ့၌ထည့်စေခြင်းငှါ တပည့်တော်တို့အား ပေးတော်မူ၏။ ငါးနှစ်ကောင်ကို လည်း လူအပေါင်းတို့အား ဝေငှတော်မူ၏။

  19. အကြောင်းမူကား၊ ညစ်ညူးသောနတ်စွဲသော မိန်းမငယ်၏ အမိသည် သိတင်းတော်ကို ကြားသဖြင့်၊

  20. မိမိသမီးထဲက နတ်ဆိုးကို နှင်ထုတ်တော်မူမည်အကြောင်း တောင်းပန်လေ၏။ ထိုမိန်းမကား၊ ဟေလသအမျိုး၊ ရှုရိဖိနိတ်ပြည်သူ ဖြစ်သတည်း။

  21. ယေရှုကလည်း၊ ရှေးဦးစွာ သားများကို ဝစွာကျွေးပါရစေ။ သား၏ အစာကို ယူ၍ ခွေးအားမပေး မချ အပ်ဟု မိန့်တော်မူ၏။

  22. မိန်းမကလည်း မှန်ပါ၏သခင်။ ခွေးမည်သည်ကား၊ သားတို့၏ စားနုပ်စားပေါက်ကို စားပွဲအောက်၌ စားမြဲထုံးစံရှိပါသည်ဟု ပြန်၍ လျှောက်လျှင်၊

  23. ကိုယ်တော်က၊ ထိုစကားကြောင့် သင်သွားလော့။ နတ်ဆိုးသည် သင်၏သမီးထဲမှ ထွက်သွားပြီဟု မိန့် တော်မူ၏။

  24. ထိုအခါ လူအစုအဝေးကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ၏။ မုန့်ခုနစ်လုံးကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများတို့ရှေ့၌ ထည့်စေခြင်းငှါ တပည့်တော်တို့အား ပေးတော်မူသည် အတိုင်း သူတို့သည် ထည့်ကြ၏။

  25. အနည်းငယ်မျှသော ငါးကောင်ကလေးလည်း ရှိသည်ဖြစ်၍၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူများရှေ့၌ ထည့်စေခြင်းငှါ မိန့်တော်မူ၏။