Egypt အကြောင်း ကျမ်းစာအခန်းငယ်များ: Joseph interprets Pharaoh's dreams
Joseph interprets Pharaoh's dreams အကြောင်း အခန်းငယ်များ
ထိုအခါ ဖါရောမင်းသည် လူကိုစေလွှတ်၍ ယောသပ်ကို ခေါ်တော်မူ၏။ ယောသပ်သည် ထောင်ထဲ က အလျင်အမြန်ထွက်ရ၍၊ မုတ်ဆိတ်ညှပ်ခြင်း၊ အဝတ် လဲခြင်းကို ပြုပြီးမှ အထံတော်သို့ ဝင်ရ၏။
ဖါရောမင်းကလည်း၊ ငါသည်အိပ်မက်ကို မြင် မက်ပြီ။ အနက်ကို အဘယ်သူမျှမဘတ်နိုင်။ သင်သည် အိပ်မက်ကို နားလည်သော ဉာဏ်နှင့် အနက်ဘတ်နိုင် သည်ကို ငါကြားရပြီဟုဆို၏။
ယောသပ်ကလည်း၊ ကျွန်တော်သည် အလို အလျောက်မတတ်နိုင်ပါ။ ဘုရားသခင်သည် မင်္ဂလာ အဖြေစကားကို ဖါရောဘုရင်အား ပေးတော်မူပါစေသော ဟု လျှောက်လေ၏။
ဖါရောမင်းကလည်း၊ ငါမြင်မက်သည်မှာ၊ မြစ်နား၌ ငါရပ်နေ၏။
အဆင်းလှ၍ဝသော နွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍၊ မြစ်နားမှာပေါက်သော မြက်ပင်ကို စားလျက် နေကြ၏။
ထိုနွားတို့နောက်မှ၊ အဆင်းမလှ ပိန်ကြုံသော နွားခုနစ်ကောင်တို့သည် ထွက်လာကြ၏။ ထိုမျှလောက် အရုပ်ဆိုးသော နွားတို့ကို အဲဂုတ္တုပြည်တရှောက်လုံးတွင် တခါမျှမမြင်ရစဖူး။
အဆင်းမလှ ပိန်သောနွားတို့သည်၊ ဝသော အရင်နွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။
စားပြီးသောနောက်၊ စားမှန်းကို အဘယ်သူမျှ မသိရ။ အရင်ကဲ့သို့ အရုပ်ဆိုးသေး၏။ ငါလည်း နိုး၏။
တဖန်ငါမြင်မက် ပြန်သည်ကား၊ အလုံးကြီး၍ ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း၌ ဖြစ်ကြ၏။
ထိုနောက်မှ ညှိုးနွမ်းလျက် အလုံးသေး၍ အရှေ့ လေဖြင့် ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။
အလုံးသေးသော စပါးနှံတို့သည် ကောင်းသော စပါးခုနစ်နှံတို့ကို စားကြ၏။ ထိုအိမ်မက်ကို ဗေဒင်တတ် တို့အား ငါကြားပြော၍ အနက်ကို အဘယ်သူမျှ မဘတ်နိုင်ဟု ယောသပ်အား ပြောဆိုတော်မူ၏။
ယောသပ်ကလည်း၊ ဖါရောဘုရင် မြင်မက်တော် မူသော အိပ်မက်ကား တပါးတည်းဖြစ်ပါ၏။ ဘုရားသခင် ပြုလတံ့သောအမှုကို ဖါရောဘုရင်အား ပြတော်မူပြီ။
ကောင်းသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ၏။ ကောင်းသောစပါးခုနစ်နှံတို့သည်လည်း ခုနစ်နှစ်ဖြစ်ပါ၏။ အိပ်မက်တော်ကား တပါးတည်း ဖြစ်ပါ၏။
ထိုနွားတို့နောက် ထွက်လာသောနွား၊ ပိန်၍ အရုပ်ဆိုးသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ ၏။ အရှေ့လေဖြင့်ပျက်သော စပါးဖျင်း ခုနစ်နှံတို့သည် လည်း၊ အစာခေါင်းပါးသော ခုနစ်နှစ်ဖြစ်ပါ၏။
ဖါရောဘုရင်အား ကျွန်တော်လျှောက်လိုသော အရာဟူမူကား၊ ဘုရားသခင်ပြုလတံ့သော အမှုကိုဖါရော ဘုရင်အား ပြတော်မူ၏။
အဲဂုတ္တုပြည်တရှောက်လုံးတွင် ဝပြောသောနှစ် ခုနစ်နှစ်ရှိလိမ့်မည်။
ထိုနောက်မှ အစာခေါင်းပါးသောနှစ် ခုနစ်နှစ် ပေါ်လာ၍၊ အဲဂုတ္တုပြည်၌အလုံးစုံသော ဝပြောခြင်းသည် တိမ်မြုပ်လျက် အစာခေါင်းပါးခြင်းအားဖြင့် တပြည်လုံး ပျက် စီးလိမ့်မည်။
အစာခေါင်းပါးခြင်းသည် အလွန်အားကြီးသော ကြောင့်၊ အရင်ဝပြောခြင်း၏ လက္ခဏာမထင်ရ။
ဖါရောဘုရင်သည် ထပ်၍အိပ်မက်မြင်ရသည် အရာမှာ၊ ထိုအမှုကို ဘုရားသခင် မြဲမြံခိုင်ခံ့စေ၍ အလျင် အမြန် စီရင်တော်မူလိမ့်မည်။