God
God ကို ဖော်ပြသော အခန်းငယ်များ
အာရှရပင်တို့ကိုလည်း သင့်အလယ်၌ ငါနှုတ်၍၊ သင်၏မြို့တို့ကိုလည်း ငါဖျက်ဆီးမည်။
ငါ့စကားကို နားမထောင်သော တပါးအမျိုး သားတို့ကို ပြင်းစွာ အမျက်ထွက်၍ အပြစ်ဒဏ်ကို ငါစီရင် မည်။
ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြ လော့။ ထ၍ တောင်ကြီးတို့ရှေ့မှာ တရားတွေ့သဖြင့်၊ တောင်ငယ်တို့သည် သင့်စကားကို ကြားကြစေ။
အိုတောင်တို့၊ ခိုင်ခံ့သောမြေအမြစ်တို့၊ ထာဝရ ဘုရား၏တရားတွေ့မှုကို နားထောင်ကြလော့။ ထာဝရ ဘုရားသည် မိမိလူမျိုးနှင့် တရားတွေ့စရာရှိ၏။ ဣသရေ လအမျိုးနှင့် ဆွေးနွေးငြင်းခုံတော်မူမည်။
အို ငါ၏လူမျိုး၊ သင့်ကို အဘယ်သို့ ငါပြုဘူး သနည်း။ အဘယ်သို့ ညှဉ်းဆဲဘူးသနည်း။ ငါ့တဘက်၌ သက်သေခံလော့။
သင့်ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့ပြီ။ ကျွန်ခံ နေရာအရပ်မှ ရွေးနှုတ်ပြီ။ သင့်ရှေ့မှာ မောရှေ၊ အာရုန်၊ မိရိအံတို့ကို ငါစေလွှတ်လေပြီ။
အို ငါ၏လူမျိုး၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ စပ်ကြားမှာ မောဘမင်းကြီး ဗာလက်ကြံစည်သော အကြံ ကို၎င်း၊ ဗောရသား ဗာလမ်ပြန်ပြောသောစကားကို၎င်း အောက်မေ့လော့။ ထိုသို့ အောက်မေ့မိလျှင်၊ ထာဝရ ဘုရား၏ ဖြောင့်မတ်တော်မူခြင်းကို နားလည်လိမ့်မည်။
ငါသည် ထာဝရဘုရားရှေ့တော်သို့ အဘယ် ပူဇော်သက္ကာပါလျက် ချဉ်းကပ်၍၊ အမြင့်ဆုံးသော ဘုရား သခင့်ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။ မီးရှို့ရာယဇ်နှင့် အခါလည်သော နွားသငယ်တို့ကို ဆောင်လျက် ချဉ်းကပ် ရမည်လော။
ထာဝရဘုရားသည် သိုးထီးတထောင်၊ ဆီမြစ် တသောင်းကို အားရနှစ်သက်တော်မူမည်လော။ ငါ့လွန် ကျူးခြင်းအတွက် ငါ၏သားဦးကို၎င်း၊ ငါ့စိတ်ဝိညာဉ်၏ အပြစ်အတွက် ငါ၏ရင်သွေးကို၎င်း ပူဇော်ရမည်လော၊
အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသော စိတ်နှင့် ကျင့်နေခြင်း မှတပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရားတောင်း တော်မူသနည်း။
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် မြို့ကို ဟစ်ခေါ်တော်မူ၏။ ပညာရှိသော သူသည် နာမတော်ကို ကြောက်ရွံ့ရ၏။ ဆုံးမခြင်းကို၎င်း၊ စီရင်သောသူသည် အဘယ်သူဖြစ်သည်ကို၎င်း နားထောင်ကြလော့။
မတရားသော ချိန်ခွင်နှင့် စဉ်းလဲသော အလေး အိတ်ရှိသော မြို့ကိုသန့်ရှင်းသော မြို့ဟူ၍ ငါမှတ်ရမည် လော။
သို့ဖြစ်၍၊ သင်၏အပြစ်ကြောင့် သင့်ကိုငါ သုတ် သင်ပယ်ရှင်းခြင်းအလိုငှါ နာကျင်စွာ ဒဏ်ခတ်မည်။
သင်သည် စားသော်လည်းမဝရ။ မွတ်သိပ်ခြင်း ကို ခံရမည်။ သင်သည် ချီသော်လည်းယူ၍ မသွားရ။ ယူသွားသော အရာကိုလည်း ထားဘေးသို့ ငါအပ်မည်။
အကြောင်းမူကား၊ သင်သည် ဩမရိမင်း၏ စီရင်ထုံးဖွဲ့ချက်တို့ကို၎င်း၊ အာဟပ်မင်းမျိုး ကျင့်သော အကျင့်ရှိသမျှကို၎င်း ကျင့်စောင့်၍၊ သူတို့၏ တိုက်တွန်း ရာသို့ လိုက်တတ်၏။ သို့ဖြစ်၍၊ သင့်ကို ငါ သုတ်သင် ပယ်ရှင်း၍ မြို့သားတို့ကို ဆဲရေးရာဖြစ်စေသဖြင့်၊ သင် သည် ငါ၏လူတို့ကဲ့ရဲ့ခြင်းကို ခံရမည်။
ငါမူကား၊ ထာဝရဘုရားကို မြော်လင့်မည်။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကို နားထောင်တော် မူမည်။
အချင်းရန်သူ၊ ငါ့အပေါ်မှာ ဝါကြွားဝမ်းမြောက် ခြင်း မရှိနှင့်။ ငါလဲသော်လည်း ထဦးမည်။ မှောင်မိုက်၌ ထိုင်ရသော်လည်း၊ ထာဝရဘုရားသည် ငါ၏အလင်းဖြစ် တော်မူလိမ့်မည်။
ငါသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ အမျက်တော်ကို ခံရ၏။ ငါ့အမှုကို စစ်ကြော၍ တရားဆုံး ဖြတ်တော်မမူမှီတိုင်အောင် ငါခံရ၏။ ငါ့ကို အလင်းထဲသို့ ထုတ်၍ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ်ခြင်း ပါရမီတော်ကို ငါမြင်ရလိမ့်မည်။
သင်၏ဘုရားဘုရားသခင်ထာဝရဘုရားကား၊ အဘယ်မှာရှိသနည်းဟု မေးသော ငါ့ရန်သူသည် ထိုအမှု ကို မြင်၍ ရှက်ကြောက်လိမ့်မည်။ သူ၌ငါ့စိတ်ပြေလိမ့် မည်။ သူသည် လမ်းမှာ ရွံ့ကဲ့သို့ ကျော်နင်းခြင်းကို ခံရ လိမ့်မည်။
ကိုယ်တော်၏လူတည်းဟူသော အပေါင်း အဘော်မရှိဘဲ၊ တောတွင် ကရမေလတောင်ပေါ်မှာ နေရ သော အမွေတော်သိုးစုကို သိုးထိန်းနှင်တံနှင့် ထိန်းတော် မူပါ။ ရှေးကာလ၌ ရှိသကဲ့သို့၊ ဗာရှန်ပြည်နှင့် ဂိလဒ်ပြည် ၌ ကျက်စားသော အခွင့်ကို ပေးတော်မူပါ။
သင်သည် အဲဂုတ္တုပြည်မှ ထွက်သောနေ့၌ မြင် သည်အတိုင်း၊ တဖန်အံ့ဩဘွယ်သော အမှုတို့ကို ငါပြ မည်။
မြွေကဲ့သို့ မြေမှုန့်ကိုလျက်၍၊ တီကဲ့သို့တွင် ထဲက တုန်လှုပ်လျက် ထွက်ကြလိမ့်မည်။ ငါတို့ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သင့်ကို၎င်း ကြောက်ရွံ့ကြလိမ့်မည်။
အပြစ်မှလွှတ်တော်မူထသော၊ ကျန်ကြွင်းသော အမွေတော်လူတို့၏ လွန်ကျူးခြင်းများကို သည်းခံတော် မူထသော၊ ကရုဏာ၌ မွေ့လျော်သောကြောင့် အစဉ် အမျက်ထွက်တော်မမူသော ကိုယ်တော်ကဲ့သို့ အဘယ် ဘုရားရှိပါသနည်း။
ကိုယ်တော်သည် အကျွန်ုပ်တို့ကို တဖန်သနား၍၊ အကျွန်ုပ်တို့၏ ဒုစရိုက်ရှိသမျှတို့ကို ကျော်နင်းတော်မူလိမ့် မည်။ အကျွန်ုပ်တို့၏ အပြစ်အလုံးစုံတို့ကို နက်နဲသော ပင်လယ်ထဲသို့ ချပစ်တော်မူလိမ့်မည်။
ရှေးကာလမှစ၍ ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသည်အတိုင်း၊ ယာကုပ်၌ သစ္စာစောင့်ခြင်း၊ အာဗြဟံ အား ကရုဏာကျေးဇူးပြုခြင်းကို စီရင်တော်မူလိမ့်မည်။ ပရောဖက်မိက္ခာစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။