God
God ကို ဖော်ပြသော အခန်းငယ်များ
မီးရှို့ရာ သိုးသငယ်ကို ငါ့ထံသို့ မဆောင်ခဲ့။ ယဇ် ပူဇော်ခြင်းအားဖြင့် ငါ့ကို မချီးမြှောက်။ ငါသည် သင့်ကို အလှူဒါနနှင့် အမှုမထမ်းစေ။ လောဗန်ကို တောင်း၍ သင့်ကို မပင်ပန်းစေ။
သင်သည် မွှေးသော ကြံကို ငါ့ဘို့ ငွေနှင့်မဝယ်။ ပူဇော်သော ယဇ်ကောင်ဆီဥနှင့် ငါ့ကို ဝစွာ မကျွေး။ သင်သည် ဒုစရိုက်အပြစ်နှင့် ငါ့ကို အမှုထမ်းစေပြီ တကား။ အဓမ္မအမှုကိုပြု၍ ငါ့ကိုပင်ပန်းစေပြီတကား။
ငါတပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏အပြစ်တို့ကို ဖြေမည်။ သင်၏ဒုစရိုက်အမှုတို့ကို မအောက်မေ့။
ငါ့ကို သတိပေးလော့၊ တရားတွေ့ကြကုန်အံ့။ သင်သည် အပြစ်လွတ်မည်အကြောင်း ပြောလော့။
သင်၏ ပဌမအဘသည် ဒုစရိုက်ကို ပြုပြီ။ သင်၏ဆရာတို့သည် ငါ့ကို ပြစ်မှားကြပြီ။
ထို့ကြောင့်၊ သန့်ရှင်းရာဌာန၏ မင်းတို့ကို ငါရှုတ် ချပြီ။ ယာကုပ်အမျိုးသည် ကျိန်ဆဲခြင်းကို၎င်း၊ ဣသရေလ အမျိုးသည် ကဲ့ရဲ့ခြင်းကို၎င်း ခံစေခြင်းငှါ ငါစွန့်ပြီ။
ယခုမူကား၊ ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက် သောသူ ဣသရေလ၊ နားထောင်လော့။
သင့်ကို ဖန်ဆင်းတော်မူသော ဘုရား၊ ဘွားစ ကပင် သင့်ကို ပြုပြင်၍၊ နောင်၌လည်း မစလတံ့သော ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ကျွန် ယာကုပ်၊ ငါရွေးကောက်သောသူ ယေရှုရုန်၊ မစိုးရိမ်နှင့်။
အကြောင်းမူကား၊ ရေငတ်သော သူအပေါ်မှာ ရေကို ငါသွန်းလောင်း၍၊ သွေ့ခြောက်သော မြေကို ရေလွှမ်းမိုးစေမည်။ သင်၏ အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကို၎င်း၊ သင်၏အနွှယ်အပေါ်မှာ ငါ့ကောင်းကြီးမင်္ဂလာကို ၎င်း ငါသွန်းလောင်းမည်။
တယောက်က၊ ငါသည် ထာဝရဘုရား၏ လူဖြစ် သည်ဟု ဆိုလိမ့်မည်။ တယောက်သည်လည်း၊ ယာကုပ် အမည်ဖြင့် ကိုယ်ကိုကိုယ် မှည့်လိမ့်မည်။ တယောက်သည် လည်း၊ ထာဝရဘုရား၏ လူဟူ၍ မိမိလက်တွင် စာထိုး လျက်၊ ဣသရေလအမည်သစ်ဖြင့် ကိုယ်ကိုကိုယ် မှည့်လိမ့်မည်။
ဣသရေလအမျိုး၏ ရှင်ဘုရင် ထာဝရဘုရား၊ ဣသရေလအမျိုးကို ရွေးနှုတ်သော၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။
ရှေးလူမျိုးကို ငါခန့်ထားသည်မှစ၍၊ ငါကဲ့သို့ အဘယ်သူသည် ဤအမှုတို့ကို ငါ့အဘို့ ခေါ်၍ ထုတ်ဘော် စီရင်နိုင်မည်နည်း။ ဖြစ်ဆဲသောအမှုနှင့် ဖြစ်လတံ့သော အမှုတို့ကို သူတို့အား ဘော်ပြကြစေ။
မစိုးရိမ်ကြနှင့်။ မကြောက်ကြနှင့်။ အထက်က ငါဟောပြောပြသသည်မဟုတ်လော။ သင်တို့သည် ငါ၏ သက်သေဖြစ်ကြ၏။ ငါမှတပါး အခြားသော ဘုရားသခင် ရှိသလော။ ငါမှတပါး အခြားသော မူလအမြစ်မရှိ။ တစုံတဦးကိုမျှ ငါမသိ။
အိုယာကုပ်အမျိုး၊ ဤအရာတို့ကို ဆင်ခြင် လော့။ အိုဣသရေလအမျိုး၊ သင်သည် ငါ့ကျွန်ဖြစ်၏။ သင့်ကို ငါဖန်ဆင်းသည်ဖြစ်၍၊ သင်သည် ငါ့ကျွန်ဖြစ် ၏။ အိုဣသရေလအမျိုး၊ သင့်ကို ငါမမေ့မလျော့။
သင်၏ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့၎င်း၊ သင်၏ အပြစ်တို့ကို တိမ်လွှာကဲ့သို့၎င်း ငါချေပြီ။ ငါ့ထံသို့ ပြန်လာလော့။ သင့်ကိုငါ ရွေးနှုတ်ပြီ။
အိုမိုဃ်းကောင်းကင်တို့၊ သီချင်းဆိုကြလော့။ ထာဝရဘုရား ပြုတော်မူပြီ။ မြေကြီးအောက်အရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များ၊ တောနှင့်တကွ သစ်ပင် များတို့၊ ကျူးဧသော အသံကို ပေးကြလော့။ ထာဝရဘုရား သည် ယာကုပ်ကို ရွေးနှုတ်တော်မူပြီ။ ဣသရေလအားဖြင့် ဘုန်းထင်ရှားတော်မူပြီ။
သင့်ကို ရွေးနှုတ်တော်မူ၍၊ ဘွားစကပင် သင့်ကို ပြုပြင်တော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ မိုဃ်းကောင်းကင်ကို ငါတပါးတည်း ကြက်လျက်၊ မြေကြီး ကို အဘော်မရှိဘဲ ခင်းလျက်၊ ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းသော ထာဝရဘုရားဖြစ်၏။
ငါသည် ငါ့ကျွန်၏ စကားကို တည်စေ၍၊ ငါ့တမန်တို့ ဟောပြောသည်အတိုင်း ပြုတတ်၏။ ယေရု ရှလင်မြို့ကို သင်သည် လူနေရာဖြစ်လိမ့်မည်ဟူ၍၎င်း၊ ယုဒမြို့တို့ကို သင်တို့သည် တည်ဆောက်လျက်ရှိကြလိမ့် မည်။ ပြိုပျက်ရာများကို ငါပြုပြင်မည်ဟူ၍၎င်း ဆို၏။
ကုရုမင်းကိုလည်း၊ သင်သည် ငါ့သိုးထိန်း ဖြစ်၏။ ငါ့အလိုရှိသမျှကို ပြည့်စုံစေလျက်၊ ယေရုရှလင်မြို့ တည်ဆောက်စေ၊ ဗိမာန်တော်တိုက်မြစ်ကျစေဟု စီရင် လိမ့်မည်ဟူ၍၎င်း ငါဆို၏။
အကြင်သူ၏ရှေ့မှာ အပြည်ပြည်တို့ကို နှိမ့်ချ၍၊ ရှင်ဘုရင်တို့ကို တန်ဆာချွတ်လျက်၊ အတွင်းတံခါးတို့ကို မပိတ်ရဘဲ၊ နှစ်ရွက်ရှိသော တံခါးတို့ကို ဖွင့်ခြင်းငှါ၊ အကြင်သူ၏ လက်ျာလက်ကို ငါထောက်မ၏။ ထိုသူ တည်းဟူသော ကုရုမင်း၊ ထာဝရဘုရား ပေးတော်မူ၍ ဘိသိက်ခံသောမင်းအား မိန့်တော်မူသည်ကား၊
မှောင်မိုက်၌ရှိသော ဘဏ္ဍာ၊ လုံခြုံစွာ ဝှက်ထား သော ဥစ္စာတို့ကို သင့်အား ငါပေးမည်။ သို့ဖြစ်၍၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်သော ဣသရေလအမျိုး၏ ဘုရားသခင်၊ ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည်။
ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသ ရေလအတွက် ၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်၏။သင်သည် ငါ့ကို မသိသော်လည်း၊ သင်၌ နာမည်သစ်ကို ထပ်၍ပေး၏။
ငါတပါးတည်းသာ ထာဝရဘုရားဖြစ်၏။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။ သင်သည် ငါ့ကို မသိသော်လည်း၊ သင်၏ခါးကို ငါစည်း၏။
သို့ဖြစ်၍ ငါမှတပါး အခြားသော ဘုရားမရှိ၊ ငါတပါးတည်းသာ ထာဝရဘုရား ဖြစ်ကြောင်းကို၊ နေထွက်ရာအရပ်သားနှင့် အနောက်မျက်နှာသားတို့ သည် သိရကြလိမ့်မည်။
ငါသည် အလင်းကိုလုပ်၏။ အမိုက်ကိုလည်း ဖန်ဆင်း၏။ ငြိမ်သက်ခြင်းကို ဖြစ်စေ၏။ အမင်္ဂလာ ကိုလည်း ဖန်ဆင်း၏။ ခပ်သိမ်းသော အမူအရာတို့ကို ငါထာဝရဘုရား ပြုတော်မူ၏။