Skip to content

Intercession အကြောင်း ကျမ်းစာအခန်းငယ်များ

72 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကောရ အမှုကြောင့် သေသောသူတို့ကို ထား၍ ထိုဘေးဥပဒ်ဖြင့် သေသော လူပေါင်းကား၊ တသောင်း လေးထောင်ခုနစ်ရာ ရှိသတည်း။

  2. ထိုဘေးဥပဒ်ငြိမ်းပြီးမှ၊ အာရုန်သည် ပရိသတ် စည်းဝေးရာ တဲတော်တံခါးဝ၊ မောရှေထံသို့ ပြန်လာ၏။

  3. ထာဝရဘုရားသည် သင်တို့ကို ဖျက်ဆီးမည်ဟု မိန့်တော်မူသောကြောင့်၊ ငါသည် အရင်ပြပ်ဝပ်သကဲ့သို့၊ အရက်လေးဆယ်ပတ်လုံး ပြပ်ဝပ်လျက်နေရ၏။

  4. ထာဝရဘုရားအားလည်း၊ အိုအရှင် ဘုရားသခင်၊ တန်ခိုးတော်အားဖြင့် ရွေးတော်မူ၍၊ အားကြီးသော လက်တော်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသော ကိုယ်တော်၏အမွေဥစ္စာဖြစ်သော ဤလူတို့ ကို ဖျက်ဆီးတော်မမူပါနှင့်။

  5. ကိုယ်တော်၏ကျွန် အာဗြဟံ၊ ဣဇာက်၊ ယာကုပ် တို့ကို အောက်မေ့တော်မူပါ။ ဤလူမျိုးသည် ခိုင်မာသော သဘောရှိ၍၊ ပြစ်မှားမိသော ဒုစရိုက်အပြစ်ကို မှတ်တော် မမူပါနှင့်။

  6. သို့မဟုတ် အကျွန်ုပ်တို့ကို နှုတ်ဆောင်တော်မူသော ပြည်သားတို့က၊ ထာဝရဘုရားသည် ဂတိထားသော ပြည်သို့ သူတို့ကို ဆောင်သွင်းခြင်းငှာ မတတ်နိုင်သော ကြောင့်၎င်း၊ သူတို့ကို မုန်းသောကြောင့်၎င်း၊ တော၌ သတ်လိုသောငှာ ထုတ်သွားပြီဟု ဆိုကြပါ လိမ့်မည် တကား။

  7. ဤလူတို့သည်ကား၊ မဟာတန်ခိုးတော်နှင့် လက်ရုံးတော်ကို ဆန့်သဖြင့် နှုတ်ဆောင်တော်မူသော ကိုယ်တော်၏ အမွေလူဖြစ်ကြပါသည်ဟု ငါသည် ဆုတောင်းလေ၏။

  8. ရှမွေလကလည်း ဣသရေလအမျိုးသားအပေါင်းတို့ကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဘို့ ထာဝရဘုရားကို ငါဆုတောင်းမည်ဟု မှာခဲ့သည်အတိုင်း၊

  9. သူတို့သည် မိဇပါမြို့၌ စည်းဝေးသဖြင့်၊ ရေကို ခပ်၍ ထာဝရဘုရားရှေ့တော်၌ သွန်းလောင်းခြင်း၊ အစာရှောင်ခြင်း အကျင့်တို့ကို ကျင့်လျက်၊ အကျွန်ုပ်တို့သည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု ဝန်ခံ ကြ၏။ ရှမွေလသည် မိဇပါမြို့၌ ဣသရေလအမျိုးသားတရားမှုတို့ကို စစ်ကြောစီရင်လေ၏။

  10. ဣသရေလအမျိုးသားတို့သည် မိဇပါမြို့၌ စည်းဝေးကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ဖိလိတ္တိမင်းတို့သည် ဣသရေလအမျိုးရှိရာသို့ စစ်ချီကြ၏။ ထိုသိတင်းကို ဣသရေလလူတို့သည် ကြားလျှင်၊ ဖိလိတ္တိလူတို့ကို ကြောက်၍၊

  11. ရှမွေလအား၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့ကို ဖိလိတ္တိလူတို့လက်မှ ကယ်တင်တော်မူမည်အကြောင်း အကျွန်ုပ်တို့အဘို့ အစဉ်မပြတ် ဆုတောင်းပါလော့ဟု ဆိုကြ၏။

  12. ရှောလုကလည်း၊ အကျွန်ုပ်သည် ပြစ်မှားပါပြီ။ လူများကို ကြောက်၍ သူတို့စကားကို နားထောင်သော ကြောင့်၊ ထာဝရဘုရား၏ အမိန့်တော်ကို၎င်း၊ ကိုယ်တော်၏ စကားကို၎င်း လွန်ကျူးပါပြီ။

  13. အကျွန်ုပ်အပြစ်ကို သည်းခံတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်မည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သော်လည်း၊

  14. ရှမွေလက၊ သင်နှင့်အတူ ငါမပြန်။ သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ဣသရေလ ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီဟု ရှောလုအား ဆိုပြီးမှ၊

  15. ငါသည် ဘုရားသခင်၏စကားကို တဦးနှင့်တဦး တရားတွေ့နိုင်မည်အကြောင်း၊ ဘုရားသခင်သည် ငါကဲ့သို့ လူဖြစ်တော်မူသည်မဟုတ်။

  16. ငါတို့နှစ်ဦးကို ဆီးတားပိုင်သော စပ်ကြားနေ အမှုစောင့်မရှိ။

  17. သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင်၊ ငါ့ကျွန်ယောဘ ထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။

  18. ထိုသို့ထာဝရဘုရားမှာ ထားတော်မူသည် အတိုင်း တေမန်အမျိုးသားဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖာတို့သည် သွား၍ ပြုကြ၏။ ထာဝရဘုရားသည်လည်း ယောဘ၏မျက်နှာ ကို ထောက်တော်မူ၏။

  19. ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။

  20. အိုယေရုရှလင်မြို့၊ နေ့ညဉ့်မပြတ် တိတ်ဆိတ်စွာ မနေရသော လူစောင့်တို့ကို သင်၏မြို့ရိုးပေါ်မှာ ငါထား ပြီ။ ထာဝရဘုရားကို အောက်မေ့စေသော သူတို့၊ တိတ် ဆိတ်စွာ မနေကြနှင့်။

  21. ယေရုရှလင်မြို့ကို အမြဲတည်တော်မမူ၊ မြေကြီး ပေါ်မှာ ချီးမွမ်းစရာအကြောင်းဖြစ်စေတော်မမူမှီတိုင် အောင်၊ ဘုရားသခင်ကို မငြိမ်စေကြနှင့်။

  22. ထိုအခါကာရာသား ယောဟနန်၊ ဟောရှဲသား ယေဇနိ အစရှိသော တပ်မှူးရှိသမျှတို့နှင့်လူအကြီး အငယ်အပေါင်းတို့သည် ပရောဖက် ယေရမိထံသို့ ချဉ်းကပ်၍၊

  23. အကျွန်ုပ်တို့သည်အထက်ကများသော်လည်း၊

  24. ယခုကိုယ်တော်မြင်သည်အတိုင်း အနည်းငယ် သော ကျန်ကြွင်းပါသည်ဖြစ်၍၊ အကျွန်ုပ်တို့ အသနား တော်ခံသော စကားကို မပယ်ပါနှင့်။ အကျွန်ုပ်တို့ သွားရသော လမ်းနှင့်ပြုရသော အမှုကိုကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့အား ပြတော် မူမည်အကြောင်း၊ ကျန်ကြွင်းသမျှသောသူ၊ အကျွန်ုပ်တို့ အဘို့ ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားထံတော်၌ ဆုတောင်းပါလော့ဟု တောင်းပန်ကြ၏။

  25. ပရောဖက် ယေရမိကလည်း၊ ငါကြား၏ သင်တို့ပြောသည်အတိုင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား ဆုတောင်း မည်။ ထာဝရဘုရားသည် သင်တို့အား မိန့်တော်မူသမျှ တို့ကို ပြန်ပြောမည်။ အဘယ်အရာကိုမျှ မထိမ်မဝှက်ဟု ပြောဆို၏။