Jesus
အခြားအမည်: Jesus Christ, Immanuel, Emmanuel, Christ
Jesus ကို ဖော်ပြသော အခန်းငယ်များ
ထိုမှတပါး ဝိညာဉ်တော်သည်ကောင်းကင်မှ ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ထိုသူ၏အပေါ်၌ နားတော်မူ သည်ကို ငါမြင်ရပြီ။
အစကထိုသူကိုငါမသိ။ ရေ၌ဗတ္တိဇံကိုပေးစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူသောသူက၊ အကြင်သူ၏ အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကားသန့်ရှင်းသော ဝိညာဉ် တော်၌ ဗတ္တိဇံကိုပေးသောသူပေတည်းဟု မိန့်တော်မူသည်နှင့်အညီ။
ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။
ယေရှုကြွတော်မူသည်ကိုမြင်လျှင်၊ ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့ဟုဆို၏။
တပည့်နှစ်ယောက်တို့သည် ထိုစကားကိုကြားလျှင်၊ ယေရှုနောက်တော်သို့ လိုက်ကြ၏။
ယေရှုသည်လှည့်၍ ထိုသူတို့ လိုက်ကြသည်ကိုမြင်တော်မူလျှင်၊ အဘယ်အလိုရှိသနည်းဟု မေးတော် မူ၏။ ထိုသူတို့က၊ ရဗ္ဗိ၊ ကိုယ်တော်သည် အဘယ်မှာနေတော်မူသနည်းဟု မေးလျှောက်ကြ၏။ ရဗ္ဗိ၊ အနက် ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။
ယေရှုကလည်း လာ၍ကြည့်ကြလော့ဟု မိန့်တော်မူ၏။ ထိုသူတို့သည်သွား၍ နေတော်မူရာအရပ်ကို ကြည့်ကြ၏။ ထိုအချိန်သည် ဆယ်နာရီအချိန်ဖြစ်၍ မိုဃ်းချုပ်သည်တိုင်အောင် အထံတော်၌နေကြ၏။
ယောဟန်၏စကားကိုကြား၍ နောက်တော်သို့ လိုက်သောသူနှစ်ယောက်တို့တွင် တယောက်ကား ရှိမုန် ပေတရုညီအန္ဒြပေတည်း။
ထိုသူသည် မိမိအစ်ကို ရှိမုန်ကို ရှေးဦးစွာတွေ့လျှင်၊ ငါတို့သည် မေရှိကိုတွေ့ကြပြီဟု ပြောဆိုလျက်၊
သူ့ကိုယေရှုထံသို့ ပို့ဆောင်လေ၏။ မေရှိအနက်ကား ခရစ်တော်ဟုဆိုလိုသတည်း။ ယေရှုသည် ထိုသူ ကိုကြည့်ရှု၍၊ သင်သည်ယောန၏သားရှိမုန်ဖြစ်၏ ကေဖအမည်သစ်ကို ရလတံ့ဟုမိန့်တော်မူ၏၊ ကေဖအနက် ကား ပေတရုဟုဆိုလိုသတည်း။
နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ကြွခြင်းငှါ အလိုတော်ရှိလျှင် ဖိလိပ္ပုကိုတွေ့၍၊ ငါ့နောက်သို့ လိုက်လော့ ဟု မိန့်တော်မူ၏။
ဖိလိပ္ပုသည်နာသနေလကိုတွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌၎င်း၊ ပရောဖက်တို့သည် သူတို့ကျမ်း ၌၎င်း အကြောင်းပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သား ယေရှုကို ငါတို့သည် တွေ့ကြပြီဟုဆို၏။
နာသနေလလာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ လှည့်စားခြင်းအပြစ်နှင့်ကင်းလွတ်သော ဣသရေလလူစစ်ကိုကြည့်လော့ဟု ထိုသူကိုအမှတ်ပြု၍ မိန့်တော်မူ၏။
နာသနေလကလည်း၊ ကိုယ်တော်သည် အဘယ်သို့သောအားဖြင့် အကျွန်ုပ်ကို သိတော်မူသနည်းဟု မေးလျှောက်သော်၊ ယေရှုက၊ ဖိလိပ္ပုသည် သင့်ကိုမခေါ်မှီ၊ သင်သည် သင်္ဘောသဖန်းပင်အောက်၌ရှိသည်ကို ငါ မြင်သည်ဟု ပြန်၍မိန့်တော်မူလျှင်၊
အရှင်ဘုရား၊ ကိုယ်တော်သည် ဘရားသခင်၏သားတော်ဖြစ်တော်မူ၏၊ ဣသရေလလူတို့၏ ရှင်ဘုရင် လည်း ဖြစ်တော်မူ၏ဟု နာသနေလလျှောက်လေ၏။
တဖန်ယေရှုက၊ သင်္ဘောသဖန်းပင်အောက်၌ သင့်ကိုငါမြင်သည်ဟုဆိုသောကြောင့် ယုံသလော။ ထိုမျှ မက သင်သည်သာ၍ ကြီးစွာသောအကြောင်းအရာကို မြင်လတံ့။
သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ဘုရား သခင်၏ ကောင်းကင်တမန်တို့သည် လူသား၏အပေါ်၌ ဆင်းလျက်တက်လျက်ရှိနေသည်ကို၎င်း၊ သင်တို့သည် မြင်ရကြလတံ့ဟု မိန့်တော်မူ၏။
သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မဂ်လာဆောင်ပွဲကိုခံကြစဉ်၊ ထိုပွဲ၌ယေရှု၏ မယ်တော်ရှိ၏။
ယေရှုနှင့်တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ၏။
စပျစ်ရည်ကုန်သောအခါ၊ ယေရှု၏မယ်တော်က၊ စပျစ်ရည်မရှိဟုကြားပြော၏။
ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ငါ့အချိန် မရောက်သေးဟု မိန့်တော်မူ၏။
မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အားဆိုလေ၏။
ယေရှုကလည်း၊ ဤရေအိုးတို့ကိုရေဖြည့်ကြဟု အစေခံတို့အားမိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံ မတတ်ဖြည့်ကြ၏။
ယခုခပ်၍ပွဲအုပ်ထံသို့သွင်းကြလော့ဟု မိန့်တော်မူသည်အတိုင်း သွင်းကြ၏။
ထိုသို့ယေရှုသည် ရှေးဦးစွာသော ဤနိမိတ်လက္ခဏာကိုဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်းတော် ကိုထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။