အကြောင်းအရာသို့ ကျော်သွားရန်

Select Readings အကြောင်း ကျမ်းစာအခန်းငယ်များ

802 အခန်းငယ် · 47 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အဲဂုတ္တုလူများ၊ ဖာရောဘုရင်၌ပါသော မြင်း၊ ရထား၊ မြင်းစီးသူရဲအပေါင်းတို့သည်၊ ပင်လယ်အလယ်သို့ လိုက်ဝင်ကြ၏။

  2. နံနက်ယံ၌ ထာဝရဘုရားသည် မီးမိုဃ်းတိမ်တိုင်အားဖြင့် အဲဂုတ္တုတပ်ကို ကြည့်ရှု၍ နှောင့်ရှက်တော်မူ၏။

  3. သူတို့ရထား အသွားခက်စေခြင်းငှာ ရထားဘီးများကို ချို့တဲ့စေတော်မူ၏။ အဲဂုတ္တုလူတို့ကလည်း၊ ဣသရေလလူတို့ထံမှ ပြေးကြစို့။ ထာဝရဘုရားသည် သူတို့ဘက်၊ အဲဂုတ္တုလူတို့တဘက်၌ စစ်တိုက်သည်ဟု ပြောဆိုကြ၏။

  4. ထာဝရဘုရားကလည်း၊ ပင်လယ်ရေသည် အဲဂုတ္တုလူများ၊ ရထားများ၊ မြင်းစီးသူရဲများတို့အပေါ်သို့ ပြန်စေခြင်းငှာ၊ ပင်လယ်အပေါ်မှာ လက်ကိုဆန့်လော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊

  5. မိုဃ်းလင်းသောအခါ၊ မောရှေသည် လက်ကို ပင်လယ်ပေါ်မှာ ဆန့်သဖြင့်၊ ပင်လယ်ရေသည် အားကြီး၍ ပြန်လာသည်ကို၊ အဲဂုတ္တုလူတို့သည် ပြေးကြသော်လည်း၊ ထာဝရဘုရားသည် သူတို့ကို ပင်လယ် အလယ်၌ လှဲတော်မူ၏။

  6. ထိုသို့ ပင်လယ်ရေသည် ပြန်လာ၍၊ ပင်လယ်ထဲသို့ လိုက်ဝင်သော ဖာရောဘုရင်၏ ရထား၊ မြင်းစီးသူရဲ၊ ဗိုလ်ခြေအပေါင်းတို့ကို လွှမ်းမိုးသဖြင့်၊ တစုံတယောက်မျှ မကျန်ရစ်ရ၊

  7. ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌ မြေပေါ်မှာရှောက်သွား၍၊ ရေသည် သူတို့လက်ျာ ဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ၏။

  8. ထိုသို့ ထာဝရဘုရားသည် ထိုနေ့၌ ဣသရေလလူတို့ကို၊ အဲဂုတ္တုလူတို့လက်မှ ကယ်လွှတ်တော်မူသဖြင့်၊ ပင်လယ်ကမ်းနားမှာ အဲဂုတ္တုလူ အသေကောင်တို့ကို မြင်ရကြ၏။

  9. ထိုအခါ မောရှေနှင့် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားအား သီချင်းဆိုသော စကား ဟူမူကား၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အား သီချင်းဆိုပါအံ့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။

  10. ထာဝရဘုရားသည် ငါ့အစွမ်းသတ္တိ၊ ငါသီချင်းဆိုကြောင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ထိုဘုရားသည် ငါကိုးကွယ်သော ဘုရားသခင် ဖြစ်တော်မူ၍၊ ထောမနာပြုပါမည်။ ငါ့ဘိုးဘေးတို့၏ ဘုရားသခင် ဖြစ်တော်မူ၍၊ ငါချီးမြှောက်ပါမည်။

  11. ထာဝရဘုရားသည် စစ်သူရဲဖြစ်တော်မူ၏။ ထာဝရဘုရားတည်းဟူသော နာမတော်ရှိတော်မူ၏။

  12. ဖာရောဘုရင်၏ ရထားနှင့် ဗိုလ်ခြေတို့ကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။ ရွေးသော ဗိုလ်မင်းတို့သည်၊ ဧဒုံပင်လယ်ထဲ၌ မြုပ်လျက်ရှိကြ၏။

  13. နက်စွာသောအရပ်၌ လွှမ်းမိုးလျက်ရှိကြ၏။ ကျောက်ကဲ့သို့ အောက်သို့ဆင်းကြ၏။

  14. အို ထာဝရဘုရား၊ လက်ျာလက်တော်သည် တန်ခိုးအားဖြင့် ဘုန်းကြီးတော်မူ၏။ အို ထာဝရဘုရား၊ လက်ျာလက်တော်သည် ရန်သူတို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူ၏။

  15. ကိုယ်တော် တဘက်၌ ထသောသူတို့ကို၊ ဘုန်းတန်ခိုးအာနုဘော်တော်တို့နှင့် လှဲတော်မူ၏။ အမျက်တော်ကို လွှတ်၍၊ သူတို့ကို အမှိုက်ကဲ့သို့ မီးလောင်စေတော်မူ၏။

  16. နှာခေါင်းတော်လေအားဖြင့် ရေသည် စုဝေး၍၊ စီးသောရေသည် ပုံ့ပုံ့ကြွ၍၊ ပင်လယ်၏အထဲ၌ပင် နက်သောရေသည် တောင့်မာလျက်နေရ၏။

  17. ရန်သူက၊ ငါလိုက်မည်။ သူတို့ကို မှီလိမ့်မည်။ လုယူသောဥစ္စာကို ဝေ၍ သူတို့၌ ငါချင်ရဲပြေလိမ့်မည်။ ထားကို အိမ်မှ ထုတ်၍ သူတို့ကို ငါ့လက်နှင့် ဖျက်ဆီးမည်ဟု ဆိုသတည်း။

  18. ကိုယ်တော်သည် လေကို မှုတ်တော်မူသဖြင့်၊ ပင်လယ်သည် သူတို့ကို လွှမ်းမိုး၍ သူတို့သည် အားကြီးသောရေထဲမှာ ခဲကဲ့သို့ ဆင်းကြလေ၏။

  19. အို ထာဝရဘုရား၊ ဘုရားများတို့တွင် အဘယ်မည်သော ဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော၊ ချီးမွမ်းခြင်းကို ခံစဉ်တွင်၊ ကြောက်မက်ဘွယ် ဖြစ်တော်မူထသော၊ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူသော၊ ကိုယ်တော်နှင့် အဘယ်ဘုရား တူပါသနည်း။

  20. လက်ျာလက်တော်ကို ဆန့်တော်မူသဖြင့်၊ သူတို့ကို မြေမြှုပ်လေ၏။

  21. ရွေးတော်မူသော လူမျိုးကို ကရုဏာတော်အားဖြင့် ပို့ဆောင်တော်မူ၏။ သန့်ရှင်းသော နေတော်မူရာသို့ တန်ခိုးတော်အားဖြင့် လမ်းပြတော်မူ၏။

  22. လူမျိုးတို့သည် သိတင်းကြား၍ ကြောက်လန့်ကြလိမ့်မည်။ ပါလေတ္တိနပြည်သူပြည်သားတို့သည် ပူပန်ခြင်းသို့ ရောက်ကြလိမ့်မည်။

  23. ဧဒုံဗိုလ်တို့သည် မိန်းမောတွေဝေခြင်း၊ မောဘသူရဲတို့သည် တုန်လှုပ်ခြင်း၊ ခါနာန်ပြည်သားအပေါင်းတို့ သည် စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။

  24. အို ထာဝရဘုရား၊ ကိုယ်တော်၏လူတို့သည် လွန်သွားသောအခါ၊ ရွေးတော်မူသော ကိုယ်တော်၏လူတို့ သည် လွန်သွားသောအခါ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ်၊ ထိတ်လန့်သောစိတ်အားကြီး၍ လက်ရုံးတော်တန်ခိုးကြောင့်၊ သူတို့သည် ကျောက်ကဲ့သို့ ငြိမ်ငြိမ်နေကြလိမ့်မည်။

  25. အို ထာဝရဘုရား၊ အမွေခံတော်မူရာ တောင်တည်းဟူသော ကျိန်းဝပ်တော်မူရာဘို့ ဖန်ဆင်းတော်မူ သော အရပ်ထဲသို့ ကိုယ်တော်၏လူတို့ကို သွင်းတော်မူလိမ့်မည်။ အို ထာဝရဘုရား၊ လက်တော်နှင့် တည်တော်မူ သော သန့်ရှင်းရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။