Select Readings အကြောင်း ကျမ်းစာအခန်းငယ်များ: Elisha and the widow's oil
Elisha and the widow's oil အကြောင်း အခန်းငယ်များ
ပရောဖက်အမျိုးသား၏ မယားတယောက် သည် ဧလိရှဲထံသို့လာ၍၊ ကိုယ်တော်ကျွန်၊ ကျွန်မ၏ ခင်ပွန်းသေပါပြီ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ရိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမှာ ကြွေးရှင်သည် ကျွန်မ၏သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှါ လာပါပြီဟု ကြွေးကြော်လေ၏။
ဧလိရှဲကလည်း၊ သင့်အဘို့အဘယ်သို့ ငါပြုရ မည်နည်း။ သင့်အိမ်၌ အဘယ်ဥစ္စာရှိသနည်းဟု မေးလျှင်၊ ကိုယ်တော်ကျွန်မအိမ်၌ ဆီအိုးတလုံးမှတပါး အဘယ်ဥစ္စာမျှ မရှိပါဟု ပြောဆိုသော်၊
ဧလိရှဲက သွားလော့။ အိမ်နီးချင်းရှိသမျှတို့တွင် လပ်သောအိုးတို့ကို ငှါးယူလော့။ များစွာသော အိုးတို့ကို ငှားယူလော့။
ကိုယ်အိမ်သို့ ရောက်သောအခါ၊ သားတို့ကို ခေါ်၍ တံခါးကို ပိတ်ပြီးမှ ငှါးယူသော အိုးများအထဲသို့ ဆီကို အပြည့်လောင်း၍ ထားလော့ ဟုစီရင်သည်အတိုင်း၊
ထိုမိန်းမသည် သွား၍သားတို့သည် အိုးများကို ယူခဲ့ပြီးမှ၊ မိန်းမသည် သားတို့နှင့်အတူ အိမ်ထဲသို့ဝင်၍ တံခါးကိုပိတ်လျက် ဆီကို လောင်းလေ၏။
အိုးများ၌ ဆီပြည့်သောအခါ၊ အိုးတလုံးကို ယူခဲ့ဦးဟုသားအားဆိုလျှင်၊ အိုးလပ်မရှိပါဟု ပြန်ပြောသော်၊ ဆီသည် တန့်လျက် နေ၏။
ထိုမိန်းမသည်လာ၍ ဘုရားသခင်၏ လူကို ကြားပြောလျှင်၊ သူက ထိုဆီကိုသွား၍ ရောင်းပြီးလျှင် ကြွေးကို ဆပ်လော့။ ကြွင်းသောဆီကို အမှီပြု၍ သင်နှင့် သားတို့သည် အသက်မွေးကြလော့ဟု ဆို၏။