Skip to content
ရာဇဝင်ချုပ်ဒုတိယစောင် 25:14-28

ရာဇဝင်ချုပ်ဒုတိယစောင် 25:14-28

14
အာမဇိသည် ဧဒုံအမျိုးသားတို့ကို လုပ်ကြံရာမှ ပြန်လာသောအခါ၊ စိရတောင်သားကိုးကွယ်သော ဘုရား တို့ကိုဆောင်ခဲ့၍၊ ကိုယ်တိုင်ကိုးကွယ်ရာ ဘုရားဖြစ်စေ ခြင်းငှါ၊ တည်ထောင်လျက်သူတို့ရှေ့မှာ ဦးညွှတ်ချ၍ နံ့သာ ပေါင်းကို မီးရှို့လေ၏။
15
ထာဝရဘုရားသည် အာမဇိကို အမျက်ထွက်၍၊ ပရောဖက်ကို စေလွှတ်တော်မူသည်ကား၊ မိမိလူတို့ကို ရန်သူလက်မှ မကယ်နိုင်သော တပါးအမျိုးသား ဘုရား တို့ကို အဘယ်ကြောင့်ဆည်းကပ်သနည်းဟုပြောဆိုလျှင်၊
16
ရှင်ဘုရင်က၊ သင်သည်တိုင်ပင် မှုးမတ်ဖြစ် သလော။ တိတ်ဆိတ်စွာနေလော့။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟုဆိုသော်၊ ပရောဖက်က၊ မင်းကြီး သည် ငါပေးသောသတိစကားကို နားမထောင်၊ ဤအမှု ကို ပြုမိသောကြောင့်၊ ဘုရားသခင်သည် မင်းကြီးကို ဖျက်ဆီးမည် ကြံတော်မူသည်ကို ငါသိမြင်သည်ဟု ပြောဆိုပြီးလျှင် တိတ်ဆိတ်စွာ နေလေ၏။
17
ထိုနောက်၊ အာမဇိသည်တိုင်ပင်ပြီးမှ၊ ဣသ ရေလရှင်ဘုရင်ယေဟု သားဖြစ်သော ယောခတ်၏သား ယဟောရှထံသို့ သံတမန်ကို စေလွှတ်၍၊ ငါတို့သည် မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟု မှာလိုက်လျှင်၊
18
ဣသရေလရှင်ဘုရင်ယဟောရှက၊ လေဗနုန် ဆူးပင်သည် လေဗနုန်အာရဇ်ပင်ထံသို့ စေလွှတ်၍၊ သင့်သမီးကို ငါ့သားနှင့်ပေးစားပါဟု ဆိုစဉ်တွင်၊ လေဗ နုန်သားရဲတကောင်သည် ရှောက်သွား၍ ဆူးပင်ကို နင်းမိ၏။
19
သင်ကငါသည် ဧဒုံလူတို့ကို လုပ်ကြံပြီဟု ဆိုလျက်၊ ဝါကြွားချင်သော စိတ်မြင့်လှ၏။ သို့ရာတွင် ကိုယ်နေရာ၌နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက်၍ ဆုံးရှုံးစေခြင်းငှါ၊ အဘယ်ကြောင့် အမှု ရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန်၍မှာလိုက် လေ၏။
20
ထိုစကားကို အာမဇိသည် နားမထောင်။ အကြောင်းမူကား၊ ဧဒုံပြည်ဘုရားတို့ကို ဆည်းကပ်သော ကြောင့်၊ ရန်သူလက်သို့ အပ်ခြင်းငှါ၊ ဘုရားသခင် စီရင်တော်မူ၏။
21
ဣသရေလရှင်ဘုရင်သည် စစ်ချီ၍၊ ရှင်ဘုရင် နှစ်ပါးတို့သည် ယုဒပြည်ဗက်ရှေမက်မြို့၌ မျက်နှာချင်း ဆိုင်မိကြသဖြင့်၊
22
ဣသရေလအမျိုးသားရှေ့မှာ ယုဒအမျိုးသား ရှုံး၍၊ အသီးအသီးတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။
23
ဣသရေလရှင်ဘုရင် ယဟောရှသည် ယုဒ ရှင်ဘုရင်အာခဇိသားဖြစ်သော ယောရှ၏သားအာမဇိ ကို ဗက်ရှေမက်မြို့မှာ ဘမ်းမိ၍၊ ယေရုရှလင်မြို့သို့ သွားပြီး လျှင်၊ ယေရုရှလင်မြို့ရိုးအတောင်လေးရာကို၊ ဧဖရိမ်တံ ခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက်လေ၏။
24
ဩဗဒေဒုံလက်တွင်၊ ဗိမာန်တော်၌ ရှိသမျှသော ရွှေငွေမှစ၍၊ တန်ဆာအလုံးစုံနှင့် နန်းတော်ဘဏ္ဍာ အလုံးစုံကို၎င်း၊ အာမခံသော သူအချို့တို့ကို၎င်း၊ ယူ၍ ရှမာရိမြို့သို့ပြန်သွား၏။
25
ဣသရေလရှင်ဘုရင် ယောခတ်သားယဟောရှ သေသောနောက်၊ ယုဒရှင်ဘုရင်ယောရှသားအာ မဇိ သည် တဆယ်ငါးနှစ် အသက်ရှင်သေး၏။
26
အာမဇိပြုမူသော အမှုအရာကြွင်းသမျှ အစ အဆုံးတို့သည်၊ ယုဒရာဇဝင်နှင့် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
27
အာမဇိသည် ထာဝရဘုရားနောက်တော်သို့ လိုက်ရာမှလွှဲသွားသောနောက်၊ သူ၏တဘက်၊ ယေရု ရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင်၊ ထိုမြို့သို့စေလွှတ်၍ သတ်စေပြီးမှ၊
28
မြင်းပေါ်၌ တင်လျက်၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍၊ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ် ကြ၏။
Settings

Reading Style

Typeface

Font Size 19px

Options