Skip to content

Abed-Nego အကြောင်း ကျမ်းစာအခန်းငယ်များ

37 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုသူတို့တွင် ယုဒအမျိုးသားဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့သည် ပါကြ၏။

  2. မိန်းမစိုးအုပ်သည် ထိုသူတို့ကို အမည်နာမလဲ၍၊ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိကိုရှာဒရက်၊ မိရှေလ ကိုမေရှက်၊ အာဇရိကို အဗေဒနေဂေါဟု၊ အသီးအသီး အမည်အသစ်ကို ပေး၏။

  3. ဒံယေလမူကား၊ ပွဲတော်မှကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို မသောက်မစားဘဲ၊ ညစ်ညူးခြင်းကို ရှောင်မည်ဟု အကြံရှိ၍၊ မိမိကို မညစ်ညူး စေမည်အကြောင်း၊ မိန်းမစိုးအုပ်ကို အခွင့်တောင်း၏။

  4. ဘုရားသခင်ပြုပြင်တော်မူသောအားဖြင့်၊ မိန်းမ စိုးအုပ်သည် ဒံယေလကို အလွန်ချစ်သနားသော်လည်း၊

  5. ငါ့သခင်ကြည့်ရှုစေခြင်းငှါ မိန်းမစိုးအုပ်ခန့်ထား သော စားတော်ကဲကို ငါကြောက်၏။ သင်တို့အစား အသောက်ကို စီရင်တော်မူပြီ။ သင်တို့ မျက်နှာသည် အရွယ်တူ လူပျိုတို့၏ မျက်နှာလောက် အဆင်းမလှ သည်ကို မြင်တော်မူလျှင်၊ သင်တို့အတွက် ငါသည် ရာဇဝတ်သင့်၍ အသက်မလွတ်ရဟု ဒံယေလကို ပြောဆို၏။

  6. ထိုအခါ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိ တို့ကို ကြည့်ရှုစေခြင်းငှါ မိန်းမစိုးအုပ်ခန့်ထားသော စားတော်ကဲကို ဒံယေလက၊

  7. အကျွန်ုပ်တို့ စားသောက်စရာဘို့ ဟင်းသီး ဟင်းရွက်နှင့် ရေကိုသာ ဆယ်ရက်ပတ်လုံးပေးစမ်းပါ။

  8. ထိုနောက်၊ အကျွန်ုပ်တို့မျက်နှာနှင့်၊ ပွဲတော်မှ ကြွင်းသော အစာကို စားသောလူပျိုတို့၏မျက်နှာကို သခင်ရှေ့၌ စစ်တော်မူပါစေ။ ကိုယ်တော်တိုင်မြင်ပြီးမှ၊ အကျွန်ုပ်တို့ကို စီရင်တော်မူပါဟုပြောလျှင်၊

  9. စားတော်ကဲသည် ဝန်ခံ၍ ဆယ်ရက်စုံစမ်း လေ၏။

  10. ဆယ်ရက်စေ့လျှင် သူတို့မျက်နှာသည်၊ ပွဲတော်မှ ကြွင်းသောအစာကို စားသော လူပျိုအပေါင်းတို့၏ မျက်နှာထက် အဆင်းလှ၍ ဖွံ့ဝလျက်ရှိ၏။

  11. ထိုအခါစားတော်ကဲသည် သူတို့အစာကို၎င်း၊ သူတို့သောက်ဘို့ စပျစ်ရည်ကို၎င်း ရုပ်သိမ်း၍၊ ဟင်းသီး ဟင်းရွက်နှင့်သာ ကျွေးမွေး၏။

  12. ဘုရားသခင်သည် ထိုလုလင်လေးယောက်တို့ အား အထူးထူးသော သိပ္ပံအတတ်ပညာတို့ကို သိစေခြင်း ငှါ၊ ထိုးထွင်း၍ နားလည်နိုင်သော ဉာဏ်သတ္တိကို ပေး သနားတော်မူ၏။ ဒံယေလသည်လည်း ဗျာဒိတ်ရူပါရုံနှင့် အိပ်မက်ကိုနားလည်နိုင်သော ဉာဏ်ပညာနှင့်ပြည့်စုံ၏။

  13. နန်းတော်သို့ သွင်းစေခြင်းငှါ ချိန်းချက်တော်မူ သော အချိန်ရောက်သော်၊ မိန်းမစိုးအုပ်သည် လုလင်များ တို့ကို ခေါ်၍ နန်းတော်သို့ သွင်းလေ၏။

  14. ရှင်ဘုရင်သည် ထိုလုလင်တို့နှင့် ဆွေးနွေး မေးမြန်းတော်မူပြီးလျှင်၊ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့နှင့် တူသောသူတယောက်မျှမရှိသောကြောင့်၊ သူတို့သည် အထံတော်၌ ခံစားရသော အခွင့်အရာကို ရကြ၏။

  15. ရှင်ဘုရင်မေးတော်မူသမျှသော အတတ်ပညာကို ထိုလုလင်တို့သည် နိုင်ငံတော်၌ရှိသမျှသော မာဂု ပညာရှိ၊ ဗေဒင်တတ်များထက်သာ၍ ဆယ်ဆတတ်ကြ သည်ကို တွေ့မြင်တော်မူ၏။

  16. မိမိအိမ်သို့ပြန်သွား၍၊ ထိုအကြောင်းကို မိမိ အပေါင်းအဘော် ဟာနနိ၊ မိရှေလ၊ အာဇရိတို့အား ကြားပြော၍၊

  17. ထိုအခါ ဒံယေလသည် သံတော်ဦးတင်သော ကြောင့်၊ မင်းကြီးသည် ရှာဒရက်၊ မေရှက်၊ အဗေဒနေ ဂေါတို့ကို ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၌ ခန့်ထားတော် မူ၏။ ဒံယေလသည် နန်းတော်ဦး၌ နေရလေ၏။

  18. အရှင်မင်းကြီး၊ ကိုယ်တော်သည် ဗာဗုလုန်နိုင်ငံ တွင် ဝန်အရာ၌ ခန့်ထားတော်မူသော ယုဒလူ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါအမည်ရှိသော သူတို့ သည် အာဏာတော်ကို ပမာဏမပြုပါ။ ကိုယ်တော်၏ ဘုရားတို့ကို ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု၊ ယုဒလူတို့ကို အပြစ် တင်၍ လျှောက်ထားကြ၏။

  19. ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပြင်းစွာ အမျက်ထွက်၍၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ခေါ်ချေဟုမိန့်တော်မူသည်အတိုင်း၊ သူတို့သည် အထံ တော်သို့ ရောက်လျှင်၊

  20. ဟယ်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ ငါ၏ဘုရားတို့ကို ဝတ်မပြုလော။ ငါတည်ထားသော ရွှေရုပ်တုကို မကိုးကွယ်လော။

  21. ယခုတွင် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာအစရှိသော တုရိယာမျိုးတီးမှုတ်ခြင်း အသံကို ကြားသောအခါ၊ ငါလုပ်သော ရွှေရုပ်တုကို ပြပ်ဝပ် ကိုးကွယ်အံ့သောငှါ အသင့်နေကြ။ သို့မဟုတ်လျှင်၊ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ခြင်းချပစ်မည်။ ငါ၏လက်မှ ကယ်လွှတ်နိုင်သော ဘုရားကား၊ အဘယ် ဘုရားရှိသနည်းဟု မိန့်တော်မူ၏။

  22. ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကလည်း၊ အရှင်မင်းကြီး နေဗုခဒ်နေဇာ၊ အကျွန်ုပ်တို့သည် ဤအမှု၌ ပြန်လျှောက်ရမည်အကြောင်းမရှိပါ။

  23. အကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည်မီးလောင်လျက်ရှိသော မီးဖိုထဲကအကျွန်ုပ်တို့ကို ကယ်လွှတ် နိုင်တော်မူ၏။ ကိုယ်တော်၏ လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည်။

  24. ထိုသို့ကယ်လွှတ်တော်မမူသော်လည်း အရှင် မင်းကြီး၊ ကိုယ်တော်၏ဘုရားတို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါဟု ပြန်လျှောက်ကြ၏။

  25. ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပြင်းစွာ အမျက်ထွက်သဖြင့်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ကို ကြည့်ရှု၍ မျက်နှာတော်ပျက်လျက်၊ မီးဖိုကို အရင်ထက် ခုနစ်ဆတိုး၍ ပူစေခြင်းငှါ၎င်း၊