အကြောင်းအရာသို့ ကျော်သွားရန်
ဟေရှာယအနာဂတ္တိကျမ်း 37:21-35

ဟေရှာယက ထာဝရဘုရား၏ ပရောဖက်ပြုချက်ကို ပြောကြားခြင်း

ဟေရှာယအနာဂတ္တိကျမ်း 37:21-35
21
ထိုအခါ အာမုတ်သား ဟေရှာယသည် ဟေဇကိ မင်းထံသို့ စေလွှတ်၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရှုရိ ရှင်ဘုရင်သနာခရိပ် အကြောင်းကြောင့်၊ ငါ့ရှေ့မှာ ပဌနာ ပြုသည် ဖြစ်၍၊
22
ထိုမင်း၏အမှုမှာ ထာဝရဘုရားမိန့်တော်မူ သော စကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့် ကို မထီမဲ့မြင် ပြု၍ ပြက်ယယ်၏။ ယေရုရှလင်သတို့သမီး သည် သင့်နောက်၌ ခေါင်းညှိတ်၏။
23
သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေး သနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကိုပင် ပြုပါ သည်တကား။
24
သင်သည် ကျွန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့၍၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့ ၎င်း၊ လေဗနုန်တောင်အထွဋ်သို့၎င်း တက်လာပြီ။ အရပ် မြင့်သောအာရဇ်ပင်နှင့် အကောင်းဆုံးသော ထင်းရူးပင် တို့ကို ငါခုတ်လှဲပြီ။ အမြင့်ဆုံးသောအရပ်၊ အသီးများ သောတောထဲသို့ ငါဝင်ပြီ။
25
ငါသည် တွင်းတူး၍ ရေကိုသောက်ရပြီ။ ငါ၏ ခြေဘဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြား ရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား။
26
ငါသည်အထက်က ဤအမှုကို စီရင်ကြောင်းနှင့်၊ ရှေးကာလ၌ ပြုပြင်ကြောင်းကို သင်သည်မကြားသ လော။ ယခုမှာလည်း သင်သည် ခိုင်ခံ့သောမြို့တို့ကို ဖျက် ဆီး၍၊ ကျောက်ပုံ ဖြစ်စေသောသူဖြစ်မည် အကြောင်း ငါစီရင် ခန့်ထားလေပြီ။
27
ထိုကြောင့်၊ မြို့သားတို့သည် အားနည်းကြ၏။ မှိုင်တွေ၍ စိတ်ပျက်လျက်ရှိကြ၏။ တောမြက်ပင်နှင့် စိမ်း သောစပါးပင်ကဲ့သို့၎င်း၊ အိမ်မိုးပေါ်မှာ ပေါက်သော မြက် ပင်နှင့်၊ မကြီးမှီ ညှိုးနွမ်းသောစပါးပင်ကဲ့သို့၎င်း ဖြစ်ကြ၏။
28
သင်၏ နေထိုင်ခြင်း၊ ထွက်ဝင်ခြင်း၊ ငါ၌အမျက် ဟုန်းခြင်းတို့ကို ငါသိ၏။
29
ငါ၌ သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကို နှာရှုတ်တပ်၍ ဇက်ခွံ့ပြီး မှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။
30
သင်မှတ်ရသော နိမိတ်လက္ခဏာဟူမူကား၊ ယ ခုနှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကို၎င်း၊ ဒုတိယ နှစ်တွင် ထိုအတူ ပေါက်သောအရာများကို၎င်း သင်တို့ သည် စားရမည်။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ၍ စပါးကို ရိတ်ကြလော့။ စပျစ်ဥယျာဉ်ကိုလည်း စိုက်၍ အသီးကို စားကြလော့။
31
ဘေးလွတ်၍ ကျန်ကြွင်းသော ယုဒအမျိုးသား တို့သည် တဖန်အောက်မှာ အမြစ်စွဲ၍၊ အထက်မှာ အသီး သီးကြလိမ့်မည်။
32
ကျန်ကြွင်းသောသူတို့သည် ယေရုရှလင်မြို့ထဲ က၎င်း၊ ဘေးလွတ်သောသူတို့သည် ဇိအုန်တောင်ပေါ်က ၎င်းပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို စီရင်တော် မူလိမ့်မည်။
33
သို့ဖြစ်၍၊ ထာဝရဘုရားသည် အာရှုရိ ရှင်ဘုရင် ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူသည် ဤမြို့သို့ မဝင်ရ။ မြို့ထဲသို့ မြှားကို မပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ။ မြို့ပြင်မှာ မြေရိုးကို မဖို့ရ။
34
လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ မဝင်ရ။
35
ငါသည် ကိုယ်မျက်နှာကို၎င်း၊ ငါ့ကျွန်ဒါဝိဒ်၏ မျက်နှာကို၎င်း ထောက်၍၊ ဤမြို့ကို ကယ်တင်ခြင်းငှါ စောင့်မမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Options