ကမ္ဘာဦးကျမ်း 42:9-25
9
ယောသပ်သည် သူတို့အကြောင်းနှင့် မြင်ရသော အိပ်မက်တို့ကို အောက်မေ့လျက်၊ သင်တို့သည် သူလျှို ဖြစ်ကြ၏။ ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှု ခြင်းငှါ လာကြပြီဟုဆိုလျှင်၊
10
သူတို့က၊ မဟုတ်ပါသခင်။ ကိုယ်တော်၏ကျွန်တို့ သည် အစာကို ဝယ်ခြင်းငှါသာ လာကြပါ၏။
11
ကျွန်တော်တို့သည် တယောက်တည်းသောသူ၏ သားဖြစ်ကြပါ၏။ ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော်၏ကျွန်တို့သည် သူလျှိုမဟုတ်ပါဟု လျှောက် ကြ၏။
12
ယောသပ်ကလည်း၊ မဟုတ်ဘူး။ ပြည်တော်၌ အားနည်းသော အရပ်ကိုကြည့်ရှုခြင်းငှါ လာကြပြီဟု ဆိုပြန်၏။
13
သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့သည် ခါနာန် ပြည်၌ တယောက်တည်းသောသူ၏သား၊ ညီအစ်ကို တကျိပ်နှစ်ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံးသောသူကား အဘနှင့်အတူ ယခုရှိရစ်ပါ၏။ တယောက်ကားမရှိပါဟု လျှောက်ပြန်လျှင်၊
14
ယောသပ်က၊သင်တို့သည် သူလျှိုဖြစ်ကြ၏ဟု ငါဆိုသည်အရာမှာ၊
15
သင်တို့ကို အဘယ်သို့ စုံစမ်းရမည်နည်းဟူမူ ကား၊ အငယ်ဆုံးသောညီ မလာလျှင်၊ ဖါရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤအရပ်မှ မထွက်မသွားရ။
16
သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း၍ သိစေခြင်းငှါ သင်တို့တွင် တယောက်သောသူကို စေလွှတ် ၍ ညီကိုဆောင်ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာ ချထားမည်။ သို့မဟုတ် ဖါရောဘုရင် အသက်ရှင်တော် မူသည်အတိုင်း၊ အကယ်စင်စစ် သင်တို့သည် သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊
17
အစ်ကိုအပေါင်းတို့ကို သုံးရက်ချုပ်ထားလေ၏။
18
သုံးရက်မြောက်သောနေ့၌ ယောသပ်သည် သူတို့ကိုခေါ်၍၊ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သော သူဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေ ခြင်းငှါ ပြုရသောအမှုဟူမူကား၊
19
သင်တို့သည် ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကိုတို့တွင် တစုံတယောက်ကို ထောင်အိမ်၌ အချုပ်ခံလျက်နေစေပြီးလျှင်၊ ကြွင်းသော သူတို့မူကား သွားကြလော့။ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါး သောကြောင့် စပါးကိုယူ၍သွားကြလော့။
20
အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့။ သို့ပြုလျှင် သင်တို့စကားမှန်လိမ့်မည်။ သင်တို့ အသက်လည်း ချမ်းသာရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြုကြ၏။
21
ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား၊ အကယ်စင်စစ် ငါတို့ သည် ညီ၏အမှု၌ အပြစ်ကြီးကြ၏။ သူသည် ငါတို့ကိုတောင်းပန်သောအခါ၊ သူ့စိတ်ဆင်းရဲ ခြင်းကို ငါတို့သည် မြင်လျက်နှင့် နားမထောင်ဘဲနေကြ ၏။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခု ရောက်လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ၏။
22
ရုဗင်ကလည်း၊ သူငယ်ကို မပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ် လော။ သင်တို့သည် နားမထောင် ဘဲ နေကြသောကြောင့် သူ၏အသွေးအတွက် ယခု အစစ်ခံရကြသည်ဟု ပြန်၍ဆို၏။
23
ထိုသို့ မိမိတို့ ပြောဆိုကြသောစကားကို ယော သပ် နားလည်သည်ဟု သူတို့မထင်ကြ။ အကြောင်းမူကား၊ ယောသပ်သည် စကားပြန်နှင့်သူတို့ကို ပြောတတ်သော ကြောင့်တည်း။
24
ထိုအခါ ယောသပ်သည် သူတို့ထံမှခဏခွါ၍ ငိုလေ၏။ တဖန် လာပြန်၍ နှုတ်ဆက်ပြီးလျှင်၊ ရှိမောင် ကို သူတို့အစုထဲကယူ၍ သူတို့ရှေ့တွင် ချည်နှောင်လေ၏။
25
ထိုနောက် သူတို့အိတ်များကို စပါးနှင့်ပြည့်စေ၍၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေ ခြင်းငှါ၎င်း၊ လမ်းခရီး၌ စားစရိတ်ကိုပေးစေခြင်းငှါ၎င်း စီရင်၍ ထိုသို့လျှင်သူတို့၌ပြုလေ၏။
Settings