ဓမ္မရာဇဝင်ပဌမစောင် 17:20-44
20
ဒါဝိဒ်သည် နံနက်စောစောထ၍ သိုးတို့ကို သိုးထိန်း၌ အပ်ပြီးလျှင်၊ အဘမှာလိုက်သည် အတိုင်း စားစရာကို ယူသွား၍၊ ရိက္ခာလှည်းထားရာသို့ ရောက်သောအခါ၊ -
21
ဣသရေလ တပ်သားတို့နှင့် ဖိလိတ္တိတပ်သားတို့သည် စစ်ခင်းကျင်း၍ စစ်တလင်းသို့ ချီလျက်၊ စစ် တိုက်မည်အသံနှင့် ကြွေးကြော်ကြ၏။
22
ဒါဝိဒ်သည် မိမိ၌ပါသောအရာတို့ကို ရိက္ခာစောင့်လက်၌ အပ်ထားပြီးလျှင်၊ တပ်သားစုထဲသို့ ပြေး၍ မိမိအစ်ကိုတို့ကို နှုတ်ဆက်၏။
23
သူတို့နှင့် ပြောစဉ်တွင်၊ ဖိလိတ္တိလူ၊ ဂါသမြို့သား ဂေါလျတ်အမည်ရှိသော သူရဲသည် ဖိလိတ္တိတပ်ထဲ က ထွက်လာ၍ ယမန်ကဲ့သို့ ပြောဆိုသည်ကို ဒါဝိဒ်သည် ကြားလေ၏။
24
ဣသရေလလူအပေါင်းတို့သည် ထိုသူကို မြင်သောအခါ အလွန်ကြောက်ရွံ့၍ ပြေးကြ၏။
25
အချို့တို့ကလည်း၊ ထိုလူထွက်လာသည်ကို မြင်သလော။ ဣသရေလအမျိုးကို ကြိမ်းပလျက်ထွက်လာ ပါသည်တကား။ သူ့ကို သတ်သောသူအား ရှင်ဘုရင်သည် ကြီးသော စည်းစိမ်နှင့် ချီးမြှောက်၍ သမီးတော်ကိုလည်း ပေးစားတော်မူမည်။ ထိုသူ၏ အဆွေအမျိုးကိုလည်း ဣသရေလနိုင်ငံတွင် မင်းမှု လွှတ်တော်မူမည်ဟု ပြောဆိုကြ၏။
26
ဒါဝိဒ်ကလည်း၊ ထိုဖိလိတ္တိလူကို သတ်၍ ဣသရေလအမျိုးခံသော အရှက်ကွဲခြင်းကို ပယ်ရှင်းသော သူသည် အဘယ်အကျိုးကို ရလိမ့်မည်နည်း။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေ တို့ကို ကြိမ်းပရမည်အကြောင်း၊ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အဘယ်သို့သော သူဖြစ်သနည်းဟု မိမိအနားမှာရှိသော သူတို့အား မေးမြန်းလျှင်၊-
27
သူတို့က၊ ထိုလူကို သတ်သောသူသည် ဤမည်သော အကျိုးကို ရလိမ့်မည်ဟု ယမန်ကဲ့သို့ ပြန်ပြောကြ၏။
28
ထိုသူတို့နှင့် ဒါဝိဒ်ပြောသည်ကို အစ်ကိုအကြီး ဧလျာဘကြားလျှင် ဒါဝိဒ်ကို အမျက်ထွက်၍၊ သင်သည် အဘယ်ကြောင့် ဤအရပ်သို့ လာသနည်း။ ထိုနည်းသော သိုးတို့ကို တောတွင် အဘယ်သူလက်၌ အပ်ခဲ့သနည်း။ သင့်မာနကြီးခြင်း၊ သင့်စိတ်နှလုံးဆိုးညစ်ခြင်းကို ငါသိ၏။ စစ်ပွဲကို ကြည့်ရှုခြင်းငှါ သာလာပြီဟု ဆို၏။
29
ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် အဘယ်အမှုကို ပြုမိသနည်း။ ယခုပြောစရာ အကြောင်းမရှိလောဟု ဆိုသောနောက်၊
30
အခြားသောသူတို့ထံသို့ လှည့်၍ ယမန်ကဲ့သို့ မေးမြန်းလျှင်၊ သူတို့သည် ရှေ့အတူ ပြန်ပြောကြ၏။
31
ထိုသို့ ဒါဝိဒ်ပြောသော စကားကို ကြားသော သူတို့သည် ရှောလုထံတော်၌ ကြားလျှောက်သော်၊ ဒါဝိဒ်ကို ခေါ်တော်မူ၏။
32
ဒါဝိဒ်ကလည်း ထိုလူကြောင့် အဘယ်သူမျှ စိတ်မပျက်ပါစေနှင့်။ ကိုယ်တော်ကျွန်သွား၍ ထိုဖိလိတ္တိ လူကို တိုက်ပါမည်ဟု ရှောလုအား လျှောက်လျှင်၊-
33
ရှောလုက၊ သင်သည် ထိုဖိလိတ္တိလူကို သွား၍ မတိုက်နိုင်။ သင်သည် နုပျိုသောသူဖြစ်၏။ ထိုသူသည် ပျိုသောအရွယ်မှစ၍ စစ်သူရဲဖြစ်ခဲ့ပြီဟု ဒါဝိဒ်အား ဆိုသော်၊-
34
ဒါဝိဒ်က၊ ကိုယ်တော်ကျွန်သည် အဘ၏ သိုးတို့ကို ထိန်းကျောင်းစဉ်အခါ၊ ခြင်္သေ့နှင့်ဝံသည်လာ၍ သိုးသငယ်ကို သိုးစုထဲက ကိုက်ချီပါ၏။
35
ကျွန်တော်လိုက်၍ သတ်သဖြင့် သိုးသငယ်ကို သူ့ပစပ်ထဲက နှုတ်ပါ၏။ ဝံသည် ကျွန်တော်ကို ပြန်၍ ကိုက်သောအခါ၊ ဝံ၏မုတ်ဆိတ်ကို ကိုင်၍ ရိုက်သတ်ပါ၏။
36
ကိုယ်တော် ကျွန်သည် ခြင်္သေ့နှင့်ဝံနှစ်ကောင်လုံးကို သတ်ပါ၏။ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေတို့ကို ကြိမ်းပသောကြောင့်၊ ထိုအကောင် တကောင်ကဲ့သို့ ဖြစ်ပါလိမ့်မည်။
37
ခြင်္သေ့လက်၊ ဝံလက်မှ ကျွန်တော်ကို ကယ်နှုတ်တော်မူသော ထာဝရဘုရားသည်၊ ထိုဖိလိတ္တိလူလက်မှ ကယ်နှုတ်တော်မူလိမ့်မည်ဟု ရှောလုအား လျှောက်လေသော်၊ ရှောလုကသွားလော့။ ထာဝရဘုရား သည် သင်နှင့်အတူ ရှိတော်မူပါစေသောဟု ဒါဝိဒ်အား ဆိုလေ၏။
38
ရှောလုသည်လည်း ဒါဝိဒ်ကို မိမိအဝတ်နှင့်ဝတ်စေသဖြင့်၊ သူ၏ခေါင်းပေါ်မှာ ကြေးဝါခလောက်လုံး ကိုတင်၍၊ သံချပ်အင်္ကျီကိုလည်း ဝတ်စေ၏။
39
ဒါဝိဒ်သည် ထားတော်ကို အဝတ်ပေါ်မှာ စည်း၍ သွားမည်ဟု အားထုတ်သော်လည်း၊ ထိုလက်နက် များကို မစုံစမ်းသေး။ သို့ဖြစ်၍ ဒါဝိဒ်က ဤလက်နက်တို့နှင့် ကျွန်တော် မသွားနိုင်ပါ၊ မစုံစမ်းပါသေး ဟု ရှောလုအား လျှောက်၍ ချွတ်ပြန်လေ၏။
40
တဖန် မိမိတောင်ဝေးကို ကိုင်လျက်၊ ချောသောကျောက်ငါးလုံးကို ချောင်းထဲက ရွေး၍၊ သိုးထိန်း တန်ဆာတည်းဟူသော လွယ်အိတ်၌ ထည့်ပြီးမှ၊ လောက်လွှဲကိုလည်းကိုင်၍ ဖိလိတ္တိလူရှိရာသို့ ချဉ်းလေ၏။
41
ဖိလိတ္တိလူသည်လည်း ဒါဝိဒ်ရှိရာသို့ ချဉ်း၍ သူ့ရှေ့မှာ ဒိုင်းလွှားကို ဆောင်သောသူလည်း သွား၏။
42
ဖိလိတ္တိလူသည် ကြည့်၍ ဒါဝိဒ်ကို မြင်သောအခါ မထီမဲ့မြင်ပြု၏။ အကြောင်းမူကား၊ သူသည် နုပျိုသောသူ၊ ဆံပင်နီ၍ မျက်နှာလှသောသူ ဖြစ်၏။
43
ဖိလိတ္တိလူက၊ သင်သည် တောင်ဝေးနှင့် ငါ့ထံသို့ လာရမည်အကြောင်း၊ ငါသည် ခွေးဖြစ်သလောဟု မေးလျက်၊ မိမိဘုရားတို့ကို တိုင်တည်၍ ဒါဝိဒ်ကို ကျိန်ဆဲလေ၏။
44
တဖန် ဖိလိတ္တိလူက လာခဲ့။ သင့်အသားကို မိုဃ်းကောင်းကင် ငှက်နှင့်တောသားရဲတို့အား ငါပေးမည်ဟု ဒါဝိဒ်ကိုဆို၏။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings