Remorse အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
အကျွန်ုပ်သည် ပူပန်ခြင်းရှိ၍၊ အသက်ကာလ ကို လွန်စေရပါ၏။ နှစ်စဉ်အတိုင်း ညည်းတွားလျက် နေရပါ၏။ ကိုယ်အပြစ်ကြောင့် အကျွန်ုပ်အားလျော့၍၊ ရန်သူများကြောင့် အရိုးတို့သည် ဆွေးမြေ့ကြပါ၏။
မြှားတော်တို့သည် အကျွန်ုပ်၌ စုဝေး၍၊ လက်တော်သည် အကျွန်ုပ်ကို နှိပ်လျက်ရှိပါ၏။
အမျက်တော်ထွက်သောကြောင့်၊ အကျွန်ုပ် အသားသည် ကျန်းမာခြင်းမရှိပါ။ ဒုစရိုက်အပြစ်ကြောင့် အရိုးများထဲမှာ သက်သာခြင်း မရှိပါ။
အကျွန်ုပ်ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ် ခေါင်းကို လွှမ်းမိုး၍၊ လေးသောဝန်ကဲ့သို့ အကျွန်ုပ်မထမ်း နိုင်အောင် လေးကြပါ၏။
အကျွန်ုပ်မိုက်သောအမှုကြောင့် အနာတို့သည် နံစော်၍ ရိယွဲ့လျက်ရှိကြပါ၏။
အကျွန်ုပ်သည် ပြင်းထန်စွာခံရ၍၊ အလွန်နှိမ်ချ လျက်၊ ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက် တနေ့လုံး သွားရပါ၏။
အိုဘုရားသခင်၊ ကျေးဇူးပြုချင်သော စေတနာ စိတ်တော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကိုသနားတော်မူပါ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်လွန်ကျူးခြင်း အပြစ်ကိုဖြေတော်မူပါ။
ဒုစရိုက်အညစ်အကြေးကို အကုန်အစင် ဆေးကြော၍၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ။
အကျွန်ုပ်လွန်ကျူးပါပြီဟု ဝန်ချလျက် ကိုယ် အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက်နေပါ၏။
ကိုယ်တော်ကို ပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ။ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်တော်မူချက်သည် အပြစ်လွတ်ပါ၏။
အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ၊ ဟုဿုပ်ပင် ညွန့်နှင့် သန့်ရှင်းခြင်းမင်္ဂလာကို ပေးတော်မူပါ။ အကျွန်ုပ် ကို မိုဃ်းပွင့်ထက်သာ၍ ဖြူစေခြင်းငှါ ဆေးကြောတော် မူပါ။
စိတ်သက်သာဝမ်းမြောက်ခြင်း ရှိမည်အကြောင်း စကားကို အကျွန်ုပ်အားကြားစေတော်မူပါ။ သို့ပြုလျှင်၊ ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်းရှိကြပါလိမ့် မည်။
အကျွန်ုပ်လွန်ကျူးခြင်း ဒုစရိုက်တို့မှ မျက်နှာ တော်လွှဲ၍၊ အကျွန်ုပ် အပြစ်ရှိသမျှတို့ကိုလည်း ဖြေတော် မူပါ။
အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ် သောနှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင်တော်မူပါ။
အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော် မမူပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်သိမ်းတော် မမူပါနှင့်။
ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်း အခွင့်ကို ပြန်၍ ပေးသနားတော်မူပါ။ ကြည်ညိုသော စေတနာစိတ်သဘောသည် အကျွန်ုပ်ကို ထောက်မပါ စေသော။
အကျွန်ုပ်သည်လည်း မတရားသောသူတို့အား တရားလမ်းကို ပြသသွန်သင်ပါမည်။ အပြစ်ရှိသော သူတို့သည် ကိုယ်တော်ထံသို့ ပြန်ကြပါလိမ့်မည်။
အိုဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တင်တော် မူသောဘုရား၊ လူအသက်ကို သတ်ခြင်းအပြစ်နှင့် အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ။ တရားသဖြင့် စီရင်တော်မူခြင်းကို အကျွန်ုပ်လျှာသည် ရွှင်လန်းစွာ သီချင်း ဆိုပါမည်။
အိုထာဝရဘုရား၊ အကျွန်ုပ်၏ နှုတ်ကို ဖွင့်တော် မူပါ။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍ မြွက်ဆိုပါမည်။
ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ။ သို့မဟုတ် လျှင် ယဇ်ပူဇော်ပါမည်။ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ။
ဘုရားသခင်နှစ်သက်တော်မူသော ယဇ်မူကား၊ ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင်၊ ကိုယ်တော် သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူ တတ်ပါ။
ငါသတိပေးခြင်းရှိသမျှကို သင်တို့သည်ပယ်၍၊ ငါဆုံးမသော စကားတခွန်းကို နားမခံဘဲနေသောကြောင့် ၎င်း၊
သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါ ငါရယ်မည်။ ကြောက်မက်ဖွယ်သော အမှုရောက်သော အခါ ငါပြက်ယယ်ပြုမည်။
သင်တို့ ကြောက်မက်ဘွယ်သော အမှုသည် သုတ်သင်ပယ်ရှင်းခြင်းအမှုကဲ့သို့၎င်း၊ သင်တို့ပျက်စီးခြင်း အမှုသည် လေပြင်းမုန်တိုင်းကဲ့သို့၎င်း ရောက်လာ၍၊ သင်တို့သည်ဆင်းရဲခြင်း၊ ပူပန်ခြင်းနှင့် တွေ့ကြုံသော အခါ၊
သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်ကြ လော့။ ငါဟောပြောချက်တို့ကို မပယ်ကြနှင့်။