Skip to content
ထွက်မြောက်ရာကျမ်း 2:11-22

ထွက်မြောက်ရာကျမ်း 2:11-22

11
မောရှေသည် ကြီးသောအခါ၊ မိမိအမျိုးသားချင်းတို့ရှိရာသို့ သွား၍ သူတို့အမှုထမ်းရသောအခြင်း အရာတို့ကို ကြည့်ရှုလေ၏။ မိမိအမျိုးသားဟေဗြဲ လူတယောက်ကို၊ အဲဂုတ္တုလူရိုက်သည်ကိုမြင်လျှင်၊
12
ပတ်လည်ကြည့်ရှု၍ အဘယ်သူမျှမရှိသည်ကို သိသောအခါ၊ အဲဂုတ္တုလူကိုသတ်၍ သဲထဲ၌ မြှုပ်ထားလေ ၏။
13
နက်ဖြန်နေ့၌ ထွက်ပြန်သော်၊ ဟေဗြဲလူနှစ်ယောက်တို့သည် အချင်းချင်းသတ်ကြသည်ကို မြင်လျှင်၊ သင်သည် သင်၏အပေါင်းအဘော်ကို အဘယ်ကြောင့် ရိုက်သနည်းဟု ညှဉ်းဆဲသောသူအား မေးသည်ရှိသော်၊
14
ထိုသူက၊ အဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာ အကဲအမှူး တရားသူကြီးအရာ၌ ခန့်ထားသနည်း။ အဲဂုတ္တုလူကို သတ်သကဲ့သို့ ငါ့ကို သတ်လိုသလောဟု ပြန်ဆို၏။ ထိုအခါ မောရှေသည် မိမိပြုသောအမှု ထင်ရှားပြီဟု သိ၍ကြောက်လေ၏။
15
ထိုသိတင်းကို ဖါရောဘုရင်ကြားသောအခါ၊ မောရှေကို သတ်ခြင်းငှါ ရှာကြံလေ၏။ မောရှေသည် ဖါရောဘုရင်ထံမှ ထွက်ပြေး၍၊ မိဒျန်ပြည်သို့ ရောက်လျှင်၊ ရေတွင်းနားမှာ ထိုင်၍နားနေလေ၏။
16
ထိုအခါ မိဒျန်ယဇ်ပုရောဟိတ်၏ သမီးညီအစ်မ ခုနစ်ယောက်တို့သည်၊ မိမိတို့အဘ၏ သိုးဆိတ်များကို ရေတိုက်ခြင်းငှါလာ၍ ရေခပ်ပြီးလျှင်၊ ရေသောက်ခွက်တို့၌ လောင်းကြ၏။
17
သိုးထိန်းအချို့တို့လည်း လာ၍ သိုးဆိတ်များကို မောင်းကြ၏။ ထိုအခါ မောရှေသည်ထ၍ ထိုမိန်းမတို့ဘက်၌နေလျက်၊ သိုးဆိတ်များကို ရေတိုက်လေ၏။
18
ထိုမိန်းမတို့သည် အဘရွေလထံသို့ ရောက်ကြသော်၊ အဘက အဘယ်ကြောင့် ယနေ့အလျင်အမြန် ရောက်လာရကြသနည်းဟု မေးလေ၏။
19
သူတို့ကလည်း၊ အဲဂုတ္တုလူတယောက်သည် အကျွန်ုပ်တို့ကို သိုးထိန်းတို့လက်မှ ကယ်နှုတ်၍၊ ရေ လိုသမျှကို ခပ်သဖြင့်၊ သိုးဆိတ်များကို ရေတိုက်ပါသည်ဟု ပြန်ပြော၏။
20
အဘကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်း။ အဘယ်ကြောင့် သူ့ကိုပစ်ထားခဲ့သနည်း။ အစာ စားစေခြင်းငှါ သူ့ကိုခေါ်ချေကြဟု ဆိုလေ၏။
21
မောရှေသည် ထိုသူထံမှာနေ၍ ပျော်မွေ့သဖြင့်၊ သမီးဇိပေါရကို မောရှေအား ထိမ်းမြားပေးစားလေ၏။
22
ထိုမိန်းမဘွားသောသားကို ဂေရရှုံအမည်ဖြင့် မှည့်၏။ အကြောင်းမူကား၊ ငါသည်တကျွန်းတနိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟုဆိုသတည်း။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်

Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options