False Prophets အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
သင်တို့တွင် ပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူသည် ပေါ်လာ၍၊
သင်တို့မသိသော အခြားတပါးသောဘုရားကို ဆည်းကပ်၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက်၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ်သောအမှုကို ပေး၍၊ ထိုနိမိတ် လက္ခဏာ၊ အံ့ဘွယ်သောအမှုသည် ပြည့်စုံသော်လည်း၊
ထိုပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သော သူတို့၏ စကားကို နားမထောင်ရ။ အကြောင်းမူကား၊ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ချစ်သည်မချစ်သည်ကို၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် စုံစမ်းတော်မူ၏။
သင်ကလည်း ထာဝရဘုရား မိန့်တော်မူသည် မမူသည်ကို ငါတို့သည် အဘယ်သို့ သိနိုင်သနည်းဟု တွေး တောလျှင်၊
ပရောဖက်သည် ထာဝရဘုရား၏ အခွင့်ကို ဆောင်၍ ဟောပြောသည်အတိုင်း အမှုမဖြစ်၊ ဟောပြော သောစကားမပြည့်စုံလျှင်၊ ထိုစကားကို ထာဝရဘုရား မိန့်တော်မမူ၊ ပရောဖက်သည် ရဲရင့်စွာဟောပြောပြီ။ သူ့ကို မကြောက်ရ။
တဖန်ဝိညာဉ်တပါးသည် လာ၍ ထာဝရဘုရား ရှေ့တော်၌ ရပ်လျက်၊ အကျွန်ုပ်သွေးဆောင်ပါမည်ဟု လျှောက် လျှင်၊
ထာဝရဘုရားက အဘယ်သို့သွေးဆောင်မည် နည်းဟု မေးတော်မူသော်၊ အကျွန်ုပ်သွား၍ ထိုမင်းကြီး၏ ပရောဖက်အပေါင်းတို့ထဲမှာ မုသာစကားကို ပြောတတ် သော စိတ်ဝိညာဉ်ဖြစ်ပါမည်ဟု ပြန်လျှောက်သော်၊ သင်သည် သွေးဆောင်၍ နိုင်လိမ့်မည်။ ထိုသို့သွား၍ ပြုလော့ဟု မိန့်တော်မူ၏။
အို အကျွန်ုပ် ဘုရားသခင်၊ ထိုသို့ပြုတတ်သော တောဘိနှင့် သမ္ဘာလတ်ကို၎င်း၊ နောဒိအမည်ရှိသော ပရောဖက်မမှစ၍ အကျွန်ုပ်ကို ခြိမ်းချောက်သော ပရောဖက်တို့ကို၎င်း မှတ်တော်မူပါ။
ဦးခေါင်းကား၊ အသက်ကြီးသူနှင့် အသရေရှိသူ တည်း။ အမြီးကား၊ မုသာကိုဟောပြောသော ပရော ဖက်တည်း။
ဤလူမျိုးကို လမ်းပြသောသူတို့သည် လမ်းလွဲ စေခြင်းငှါ ပြကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
သို့သော်လည်း၊ ထိုသူတို့သည် စပျစ်ရည် ကြောင့် မှားယွင်းကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့သည် သေရည်သေရက် ကြောင့် မှားယွင်းကြပြီ။ စပျစ်ရည်နှင့် မွှန်ကြပြီ။ သေရည် သေရက်ကြောင့် လမ်းလွဲကြပြီ။ ဗျာဒိတ်ခံသည် အရာ၌ မှားယွင်းလျက်၊ တရားစီရင်သည်အရာ၌ ထိမိ၍ လဲ လျက်နေကြ၏။
ယဇ်ပုရောဟိတ်တို့က၊ ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်းဟု မမေးကြ။ ကျမ်းတတ်တို့ သည် ငါ့ကိုမသိကြ။ သင်းအုပ်တို့သည် ငါ့ကို ပြစ်မှား ကြ၏။ ပရောဖက်တို့သည် ဗာလကို အမှီပြု၍ ဟောပြော လျက်၊ ကျေးဇူးမဲ့သောလမ်းသို့ လိုက်ကြ၏။
ပရောဖက်တို့သည် လေသက်သက်ဖြစ်ကြ၏။ သူတို့၌ နှုတ်ကပတ်တော်မရှိ။ သူတို့ဟောပြောသည် အတိုင်း သူတို့ခံရလိမ့်မည်ဟု ထာဝရဘုရားကို ငြင်းပယ် လျက်ဆိုတတ်ကြ၏။
ပရောဖက်တို့သည် မဟုတ်မမှန်ဟောပြော ကြ၏။ ယဇ်ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရကြ၏။ ထိုသို့သောအမှုကို ငါ၏လူတို့သည် နှစ်သက်ကြ၏။ ထိုအမှုဆုံးသောအခါ သင်တို့သည် အဘယ်သို့ပြုကြလိမ့် မည်နည်း။
ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏လူမျိုး သတို့သမီးအနာကို ပေါ့လျော့ စွာ ကုကြ၏။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလအခါ ယုဒ ရှင်ဘုရင် တို့၏ အရိုး၊ မှူးမတ်တို့၏အရိုး၊ ယဇ်ပုရောဟိတ်တို့၏အရိုး၊ ပရောဖက်တို့၏အရိုး၊ ယေရုရှလင်မြို့သားတို့၏ အရိုးများကို သင်္ချိုင်း တွင်းများ အထဲကထုတ်ပစ်၍၊
ထိုသူတို့သည် ကြည်ညိုရာ၊ အမှုဆောင်ရာ၊ လိုက်သွားရာ၊ ရှာဖွေရာ၊ ကိုးကွယ်ရာဖြစ်သော နေ၊ လ၊ ကောင်းကင်တန်ဆာရှေ့မှာ လှန်ထားကြလိမ့်မည်။ ထိုအရိုးတို့ကို မစုမပုံ၊ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ရကြလိမ့်မည်။
ထာဝရဘုရားက၊ ထိုပရောဖက်တို့သည် ငါ၏ နာမကိုအမှီပြု၍ မုသာကို ဟောတတ်ကြ၏။ သူတို့ကို ငါမစေလွှတ်၊ မမှာထား၊ ဗျာဒိတ်မပေး။ သူတို့ ဟောပြော ချက်တို့သည် မျက်စိကို လှည့်ခြင်း၊ နတ်ပူးခြင်း၊ အချည်း နှီးကြံစည်ခြင်း၊ မိမိဉာဏ်အတိုင်း လှည့်စားခြင်း သက်သက်ဖြစ်ကြ၏။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပြည်၌ ထားဘေး၊ မွတ်သိပ်ခြင်း ဘေးမရှိရဟု၊ ငါမစေလွှတ်ဘဲ၊ ငါ့နာမကို အမှီပြု၍၊ ကိုယ်အလိုအလျောက် ဟောပြော သော ပရောဖက်တို့သည် ထားဘေး၊ မွတ်သိပ်ခြင်း ဘေးဖြင့် ဆုံးရကြလိမ့်မည်။
သင်ပါရှုရနှင့် သင်၏အိမ်သူ အိမ်သားအပေါင်း တို့ကိုလည်း သိမ်းသွားကြလိမ့်မည်။ သင်သည် ဗာဗုလုန် မြို့သို့ ရောက်ရလိမ့်မည်။ သင်ဟောပြောသော မုသာ စကားကို နားထောင်သော သင်၏အဆွေခင်ပွန်း အပေါင်းတို့နှင်တကွ၊ သင်သည် ထိုမြို့၌ သေ၍သင်္ဂြိုဟ် ခြင်းကို ခံရလိမ့်မည်ဟု ပါရှုရအားပြောဆို၏။
ပရောဖက်နှင့်ယဇ်ပုရောဟိတ်နှစ်ပါးတို့သည် ဘုရားကို မရိုမသေပြုကြပြီ။ ငါ့အိမ်၌ပင် သူတို့ပြုသော အဓမ္မအမှုကို ငါတွေ့ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
ရှမာရိပြည်သား ပရောဖက်တို့၌လည်း၊ မိုက် သောသဘောကို ငါမြင်ပြီ။ သူတို့သည် ဗာလဘုရားကို မှီဝဲ၍ ပရောဖက်ပြုသဖြင့်၊ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို မှားယွင်းစေကြပြီ။
ယေရုရှလင်မြို့သား ပရောဖက်တို့၌လည်း၊ စက်ဆုပ်ရွံရှာဘွယ်သောသဘောကို ငါမြင်ပြီ။ သူတို့သည် မတရားသော မေထုန်၌မှီဝဲလျက်၊ မုသာကိုလည်း သုံးလျက်၊ အဓမ္မပြုသောသူတို့ကို အားပေးတတ်သဖြင့်၊ အဘယ်သူမျှမိမိပြုသော အဓမ္မအမှုကို မစွန့်။ ထိုသူ ရှိသမျှတို့သည် ငါ၌ သောဒုံမြို့သားကဲ့သို့၎င်း၊ ယေရု ရှလင်မြို့သားတို့သည် ဂေါမောရမြို့သားကဲ့သို့၎င်း ဖြစ်ကြ၏။
ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် ပရောဖက်တို့အမှု၌ မိန့်တော်မူသည်ကား၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည်။ ဆေးခါးကိုလည်း သောက်စေမည်။ ယေရုရှလင်မြို့သား ပရောဖက်တို့သည် မူလအမြစ်ဖြစ်၍၊ အဓမ္မအမှုသည် တပြည်လုံးကို နှံ့ပြား လေပြီ။
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပရောဖက်ပြု၍ သင်တို့အား ဟောတတ်သော ဆရာတို့၏ စကားကို နားမထောင် ကြနှင့်။ သူတို့သည် သင်တို့အား အချည်းနှီးဟောတတ် ကြ၏။ ထာဝရဘုရား၏ နှုတ်တော်ထွက်သို့မလိုက်၊ ကိုယ်အလိုအလျောက် ရူပါရုံကို မြင်သည်အတိုင်း ဟောပြောတတ်ကြ၏။