ရှင်မာကုခရစ်ဝင် 10:7-31
7
ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊
8
ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်။ ထိုကြောင့် လင်မယားတို့သည် နှစ်ဦး မဟုတ် တဦးတည်းဖြစ်၏။
9
ဘုရားသခင် တွဲဘက်၍ ထမ်းဘိုးတင်တော်မူသောအရာကို လူမခွဲမခွါစေနှင့်ဟု မိန့်တော်မူ၏။
10
နောက်တဖန်တပည့်တော်တို့သည် အိမ်၌ရှိစဉ်၊ ထိုအကြောင်းကို မေးလျှောက်ပြန်ကြ၏။
11
ကိုယ်တော်ကလည်း၊ အကြင်သူသည် မယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံထက်ခြင်းကိုပြ၏။ ထို သူသည် မိမိမယားကို ပြစ်မှား၏။
12
မိန်းမသည်လည်း မိမိလင်နှင့်ကွာ၍ အခြားသောယောက်ျားနှင့်စုံဘက်ခြင်းကိုပြုလျှင် မှားယွင်းခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။
13
ထိုအခါသူငယ်တို့ကို လက်တော်နှင့် တို့စေခြင်းငှါ အထံတော်သို့ ဆောင်ခဲ့သည်ဖြစ်၍၊ တပည့်တော် တို့သည် ဆောင်ခဲ့သောသူတို့ကို အပြစ်တင်ကြ၏။
14
ယေရှုသည်မြင်တော်မူလျှင် အမျက်တော်ထွက်၍၊ ထိုသူငယ်တို့ကို ငါ့ထံသို့လာပါစေလေ။ မဆီးတား ကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။
15
ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံယူ၊ ထိုသူသည် နိုင်ငံတော်သို့မဝင်ရဟု မိန့်တော်မူပြီးမှ၊
16
သူငယ်တို့ကို ချီပိုက်၍ သူတို့အပေါ်မှာ လက်တော်ကိုတင်လျက် ကောင်းကြီးပေးတော်မူ၏။
17
လမ်းမှာကြွတော်မူစဉ်တွင် လူတယောက်သည် အထံတော်သို့ပြေး၍ ဒူးထောက်လျက်၊ ကောင်းမြတ် သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်းဟု မေး လျှောက်သော်၊
18
ယေရှုက၊ ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ်တော်မူ၏။
19
သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကိုမပြစ်မှားနှင့်။ လူအသက်ကို မသတ် နှင့်။ သူဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကိုမခံနှင့်။ သူ့ဥစ္စာကို မတရားသဖြင့်မသိမ်းနှင့်။ မိဘကို ရိုသေစွာ ပြုလော့ဟု မိန့်တော်မူလျှင်၊
20
အရင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီဟု လျှောက်ပြန်လျှင်၊
21
ယေရှုသည်၊ ထိုသူကိုကြည့်ရှုလျက် ချစ်သောစိတ်ရှိ၍၊ သင်သည်အခုလိုသေး၏။ သွားလော့။ ကိုယ် ဥစ္စာရှိသမျှကိုရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင်၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့် မည်။ သို့ပြီးမှလာ၍ လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။
22
ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် မျက်နှာပျက်၍ စိတ် မသာသည်နှင့်သွားလေ၏။
23
ယေရှုကလည်း၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏ဟု ပတ် လည်သို့ကြည့်ရှု၍ တပည့်တော်တို့အား မိန့်တော်မူ၏။
24
တပည့်တော်တို့သည် ထိုစကားကိုကြားလျှင်၊ မိန်မောတွေဝေခြင်းရှိကြ၏။ တဖန်ယေရှုက၊ ငါသားတို့၊ မိမိဥစ္စာကိုမှီခိုသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့အလွန်ဝင်ခဲလှ၏။
25
ကုလားအုပ်သည် အပ်နဖားကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။
26
ထိုသူတို့သည် သာ၍မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်းဟု အချင်းချင်းပြောဆိုကြ၏။
27
ယေရှုကလည်း၊ သူတို့ကိုကြည့်ရှု၍၊ ဤအမှုကို လူမတတ်နိုင်သော်လည်း၊ ဘုရားသခင် မတတ်နိုင် သည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။
28
ထိုအခါ၊ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီဟု လျှောက်လေသော်၊
29
ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တပါးပါးကိုစွန့်၏။
30
ထိုသူသည် အဆတရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကို၎င်း၊ နောင်ဘဝ၌ ထာဝရအသက်ကို၎င်း ခံရလတံ့။
31
နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျကြသောသူအများတို့သည် နောက် ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။
Settings