Skip to content
ဓမ္မရာဇဝင်ပဌမစောင် 14:5-29

ဓမ္မရာဇဝင်ပဌမစောင် 14:5-29

5
တခုကား မြောက်ဘက်၌ မိတ်မတ်မြို့သို့၎င်း၊ တခုကား တောင်ဘက်၌ ဂိဗာမြို့သို့၎င်း မျက်နှာပြု သတည်း။
6
ယောနသန်က၊ အရေဖျားလှီးခြင်းကို မခံသော တပ်သားတို့ဆီသို့ သွားကြကုန်အံ့။ ထာဝရဘုရား သည် ငါတို့အမှုကို စောင့်ကောင်း စောင့်တော်မူလိမ့်မည်။ လူများသော်၎င်း၊ နည်းသော်၎င်း၊ ထာဝရ ဘုရား ကယ်တင်တော်မူခြင်းကို အဆီးအတား မရှိနိုင်ဟု လက်နက်ဆောင် လုလင်အား ပြောဆိုလျှင်၊
7
လုလင်က၊ စိတ်တော်ရှိသည်အတိုင်း ပြုပါ။ လှည့်သွားပါ။ အလိုတော်ရှိသည်အတိုင်း ကျွန်တော်လိုက် ပါမည်ဟု ပြန်ပြောသော်၊ -
8
ယောနသန်က၊ ထိုလူတို့ဆီသို့ သွား၍ ကိုယ်ကို ပြကြကုန်အံ့။
9
သူတို့ကနေကြ။ ငါတို့လာမည်ဟုဆိုလျှင် သူတို့ဆီသို့မသွားဘဲ နေကြမည်။
10
သို့မဟုတ်၊ လာကြဟုဆိုလျှင် သွားကြမည်။ ထာဝရဘုရားသည် သူတို့ကို ငါတို့လက်သို့ အပ်တော် မူ၏။ ထိုသို့သော ပုပ္ပနိမိတ်ရှိရ၏ဟု ဆိုသည်နှင့်အညီ၊
11
နှစ်ယောက်တို့သည် ဖိလိတ္တိတပ်သားတို့အား ကိုယ်ကိုပြသော အခါ၊ ဖိလိတ္တိလူတို့က၊ ဟေဗြဲလူတို့ သည် ပုန်းရှောင်ရာတွင်းထဲက ထွက်လာပါသည်တကား ဟုဆိုလျက်၊
12
တပ်သားတို့က၊ လာကြ။ တစုံတခုကို ပြမည်ဟု ယောနသန်နှင့် လက်နက်ဆောင်လုလင်အားဆိုလျှင်၊ ယောနသန်က၊ ငါ့နောက်သို့ လိုက်လော့။ ထာဝရဘုရားသည် သူတို့ကို ဣသရေလလူတို့ လက်သို့ အပ်တော်မူပြီဟု လုအင်အား ဆိုသဖြင့်၊
13
လေးဘက်တွားလျက် တက်၍၊ လုလင်လည်းလိုက်၏။ ယောနသန်ရှေ့မှာ ဖိလိတ္တိလူတို့သည် လဲ၍ လုလင်သည် သူ့သခင့် နောက်မှာ လုပ်ကြံလေ၏။
14
ယောနသန်နှင့်လုလင်ပြုသော ပဌမ လုပ်ကြံခြင်းအားဖြင့် နွားတရှဉ်းထွန်နိုင်သော မြေကွက် အတွင်း တွင် လူနှစ်ဆယ်ခန့်မျှ သေကြ၏။
15
စစ်သူရဲများ၊ လယ်လုပ်သူများ၊ အခြားသူများအပေါင်းတို့သည် တပ်သားများ၊ လုယူသောသူများနှင့် တကွ တုန်လှုပ်ကြ၍၊ မြေကြီးလည်း လှုပ်သဖြင့်၊ အလွန်ကြီးသော တုန်လှုပ်ခြင်းရှိ၏။
16
ဗင်္ယာမိန်ခရိုင် ဂိဗာမြို့၌ ရှောလု၏ ကင်းစောင့်တို့သည် ကြည့်ရှုသောအခါ၊ ဖိလိတ္တိလူအလုံးအရင်း သည် လျော့၍ တယောက်ကိုတယောက် ထိုးရိုက်လျက်သွားကြ၏။
17
ရှောလုကလည်း၊ အဘယ်သူ ထွက်သွားသည်ကို သိခြင်းငှါ လူများကို ရေတွက်ကြလော့ဟု အထံတော်၌ ရှိသောသူတို့အား စီရင်သည်အတိုင်း ရေတွက်၍၊ ယောနသန်နှင့် သူ၏လက်နက်ဆောင် လုလင် မရှိ။
18
ထိုကာလအခါ ဘုရားသခင်၏ သေတ္တာတော်သည် ဣသရေလအမျိုးသားတို့၌ ရှိသည်ဖြစ်၍၊ ရှော လုက၊ ဘုရားသခင်၏ သေတ္တာတော်ကိုယူခဲ့ပါဟု အဟိယအား ဆို၏။
19
ရှောလုသည် ယဇ်ပုရောဟိတ်နှင့် စကားပြောစဉ်တွင်၊ ဖိလိတ္တိတပ်၌ အုတ်အုတ်ကျက်ကျက်သော အသံတိုးပွားသောကြောင့်၊ ရှောလုက နေဦးတော့ဟု ယဇ်ပုရောဟိတ်အား ဆိုသဖြင့်၊
20
မိမိနှင့်လူအပေါင်းတို့သည် တယောက်ကိုတယောက် နှိုးဆော်လျက် စစ်ချီ၍ ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် တယောက်ကိုတယောက် ခုတ်သဖြင့် အလွန် တပ်ပျက်လေ၏။
21
အထက်ကာလ၌ ဖိလိတ္တိလူတို့ဘက်မှာနေ၍ အရပ်ရပ်တို့က တပ်သို့ လိုက်လာသော ဟေဗြဲလူတို့ သည်လည်း ရှောလုနှင့် ယောနသန်၌ ပါသောဣသရေလလူတို့ဘက်သို့ ဝင်ကြ၏။
22
ဧဖရိမ်တောင်၌ ပုန်းရှောင်၍ နေသော ဣသရေလလူအပေါင်းတို့သည်လည်း၊ ဖိလိတ္တိလူ ပြေးကြောင်း ကို ကြားသောအခါ စစ်ချီ၍ ကျပ်ကျပ်လိုက်ကြ၏။
23
ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးကို ထိုနေ့၌ ကယ်တင်တော်မူသဖြင့်၊ စစ်မှုသည် ဗေသ ဝင်မြို့သို့ လွန်သွားလေ၏။
24
ထိုနေ့၌ ဣသရေလလူတို့သည် ဆင်းရဲခံရကြ၏။ အကြောင်းမူကား၊ ရှောလုက၊ ငါသည် ငါ့ရန်သူတို့၌ ငါ့စိတ်ပြေမည်အကြောင်း၊ ညဦးချိန်မရောက်မှီ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူတို့ အား အကျိန်ပေးသောကြောင့် အဘယ်သူမျှ အစာမစားရ။
25
လူအပေါင်းတို့သည် မြေပေါ်၌ ပျားရည်ရှိရာတောသို့ ရောက်သဖြင့်၊
26
တောထဲသို့ ဝင်သောအခါ ပျားရည်စက်စက်ကျလျက်ရှိသော်လည်း၊ အကျိန်တော်ကို ကြောက်သော ကြောင့်၊ အဘယ်သူမျှ မိမိလက်ကို မိမိ ပါးစပ်၌ မထည့်။
27
သို့ရာတွင် ခမည်းတော်သည် လူများတို့အား အကျိန်ပေးသည်ကို ယောနသန်မကြားသောကြောင့်၊ မိမိကိုင်သော လှံတံဖျားကို ပျားလပို့၌နှစ်၍ မိမိလက်နှင့် ယူစားသဖြင့် မျက်စိကြည်လင်လေ၏။
28
ခမည်းတော်က၊ ယနေ့ အစာစားသောသူတိုင်း ကျိန်ဆဲအပ်စေဟု လူများတို့အား ကျပ်ကျပ် အကျိန် ပေးတော်မူပြီဟု လူတယောက်ကြားလျှောက်၏။ လူတို့သည်လည်း မောလျက်နေကြ၏။
29
ယောနသန်ကလည်း၊ ငါ့အဘသည် ပြည်သားတို့ကို နှောင့်ရှက်လေပြီ။ ဤပျားရည် အနည်းငယ်ကို ငါစားသောကြောင့် ငါ့မျက်စိ ကြည်လင်သည်ကို ကြည့်ပါတော့။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်

Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options