Skip to content
ရာဇဝင်ချုပ်ပဌမစောင် 19:6-18

ရာဇဝင်ချုပ်ပဌမစောင် 19:6-18

6
ဟာနုန်မင်းနှင့် အမ္မုန်အမျိုးသားတို့က၊ ငါတို့ သည် ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိလျှင်၊ မေသောပေါတာမိပြည်၊ ရှုရိမာခါပြည်၊ ဇောဘပြည်တို့၌ မြင်းရထားတို့ကိုငှါးခြင်းငှါ ငွေအခွက် တသောင်းကို ထုတ်၍၊
7
မြင်းရထားသူရဲသုံးသောင်းနှစ်ထောင်ကို၎င်း၊ မာခါမင်းကြီးနှင့် သူ၏လူတို့ကို၎င်း ငှါးသဖြင့်၊ ထိုသူတို့ သည် မေဒဘမြို့ရှေ့မှာ တပ်ချကြ၏။ အမ္မုန်အမျိုးသား တို့သည်လည်း စုဝေး၍ အမြို့မြို့တို့မှ စစ်ချီကြ၏။
8
ထိုသိတင်းကို ဒါဝိဒ်သည် ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသော သူရဲအလုံးအရင်းအပေါင်းကို စေလွှတ် ၏။
9
အမ္မုန်အမျိုးသားတို့သည် ထွက်၍မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ စစ်ကူသော မင်းကြီးတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။
10
ယွာဘသည်လည်းရှေ့၌၎င်း၊ နောက်၌၎င်း၊ စစ်မျက်နှာနှစ်ဘက်ရှိသည်ကိုမြင်လျှင်၊ ဣသရေလလူတို့ တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူ တို့တဘက်၌ စစ်ခင်းကျင်း၏။
11
ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့ တဘက်၌ စစ်ခင်းကျင်းစေခြင်းငှါ ညီအဘိရှဲလက်သို့ အပ်လျက်၊
12
ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါ့အားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အား ငါကူမည်။
13
ရဲရင့်သော စိတ်ရှိ၍ ငါတို့လူမျိုးနှင့် ငါတို့ ဘုရား သခင့်မြို့ရွာတို့အဘို့ အားထုတ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည်အတိုင်း စီရင် တော်မူစေသတည်းဟုဆိုပြီးမှ၊
14
သူ၌ပါသောလူများနှင့်တကွ၊ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှါ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။
15
ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း ညီအဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ဝင်ကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။
16
ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ သံတမန်တို့ကို စေလွှတ်၍ မြစ်တဘက်၌နေသော ရှုရိလူတို့ကို ခေါ်သဖြင့်၊ ဟာဒ ဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ၏။
17
ထိုသိတင်းကိုကြားလျှင် ဒါဝိဒ်သည် ဣသရေလ အမျိုးသား အပေါင်းတို့ကို စုဝေးစေ၍ ယော်ဒန်မြစ်ကို ကူးသဖြင့်၊ ရန်သူတပ်သို့ရောက်၍ စစ်ခင်းကျင်းလေ၏။ ထိုသို့ဒါဝိဒ်သည် စစ်ခင်းကျင်း၍ ရှုရိလူတို့သည် တိုက် သောအခါ၊
18
ဣသရေလအမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ် သည်လည်း ရှုရိမြင်းရထားစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲလေးသောင်းတို့ကို သတ်၍ ဗိုလ်ချုပ်မင်းရှောဗက်ကို လည်း လုပ်ကြံလေ၏။
Settings

Reading Style

Typeface

Font Size 19px

Options