Skip to content

Jehoahaz အကြောင်း ကျမ်းစာအခန်းငယ်များ

19 အခန်းငယ် · 5 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ယုဒရှင်ဘုရင်အာခဇိသား ယောရှနန်းစံနှစ် ဆယ်သုံးနှစ်တွင်၊ ယေဟုသားယောခတ်သည် ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခုနစ်နှစ်စိုးစံ၏။

  2. ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကို မရှောင်၊ လိုက်လေ၏။

  3. ထိုကြောင့် ထာဝရဘုရားသည် ဣသရေလ အမျိုးကို အမျက်ထွက်၍၊ ယောခတ်မင်း လက်ထက် ကာလပတ်လုံး၊ ရှုရိရှင်ဘုရင် ဟာဇေလနှင့်သူ၏သား ဗင်္ယာဒဒ်လက်သို့ ဣသရေလအမျိုးကို အပ်တော်မူ၏။

  4. တဖန်ယောခတ်သည် ထာဝရဘုရားကို တောင်းပန်လေ၏။ ရှုရိရှင်ဘုရင်ညှဉ်းဆဲ၍ ဣသရေလ အမျိုးသည် အလွန်ခံရကြောင်းကို ထာဝရဘုရားသည် မြင်၍ယောခတ်စကားကို နားထောင်တော်မူ၏။

  5. ရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးသားတို့ကို ဖျက်ဆီး၍၊ စပါးနင်းရာတွင် လွင့်သောအမှုန့်ကဲ့သို့ ဖြစ်စသဖြင့်၊ မြင်းစီးသူရဲ၊ ငါးကျိပ်၊ ရထားတဆယ်၊ ခြေသည်သူရဲတသောင်းကို သာယောခတ်၌ကြွင်းစေ၏။

  6. ထို့ကြောင့် ထာဝရဘုရားသည် ကယ်တင်သော သခင်ကို ပေးတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ သည် ရှုရိလူတို့လက်မှထွက်မြောက်၍ အထက်ကနည်းတူ မိမိတို့နေရာ၌ နေရကြ၏။

  7. သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော ယေရောဗောင်မင်းမျိုး၏ ဒုစရိုက်အပြစ်တို့ကို မရှောင် လိုက်ကြ၏။ ရှမာရိမြို့၌လည်း အာရှရပင် ရှိသေး၏။

  8. ယောခတ်ပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။

  9. ယောခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် ယဟောရှသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

  10. ကျွန်တို့သည် ရထားတော်ပေါ်မှာ တင်ပြီးလျှင်၊ မင်းကြီးသေစဉ်တွင် မေဂိဒ္ဒေါမြို့မှ ယေရုရှလင်မြို့သို့ ဆောင်သွား၍ သင်္ချိုင်းတော်၌ သင်္ဂြိုဟ်ကြ၏။ ပြည်သူ ပြည်သားတို့သည် ယောရှိသားယောခတ်ကို ယူ၍ဘိသတ် ပေးလျက် ခမည်းတော်အရာ၌ နန်းတင်ကြ၏။

  11. ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏ သမီးဟာမုတာလ အမည်ရှိ၏။

  12. ဖာရောနေခေါသည် ထိုမင်းကို ယေရုရှလင် မြို့မှာ မင်းမပြုစေခြင်းငှါ ဟာမတ်ပြည်၊ ရိဗလမြို့မှာ အကျဉ်းထား၍၊ ယုဒပြည်၌ ငွေအခွက်တထောင်နှင့် ရွှေအခွက် တဆယ်ကိုအခွန် တောင်းလေ၏။

  13. ဖာရော နေခေါသည်လည်း၊ ယောရှိသား ဧလျာ ကိမ်ကို ခမည်းတော်အရာ၌ နန်းတင်၍ ယောယကိမ် အမည်သစ်ကိုပေး၏။ ယောခတ်ကို အဲဂုတ္တု ပြည်သို့ယူသွား၍ ထိုပြည်၌ ယောခတ်သည်သေ၏။

  14. ယောယကိမ်သည်လည်း ဖာရောဘုရင် အမိန့် တော်အတိုင်း၊ တပြည်လုံးတွင် ရွှေငွေခွဲ၍ ဖာရောဘုရင် အား အခွန်ဆက်ရ၏။ ပြည်သူပြည်သား အသီးအသီး တို့ကို ရွှေငွေခွဲသည်အတိုင်း၊ ကျပ်တည်းစွာ တောင်း၍ ဖာရောနေခေါအား ဆက်လေ၏။

  15. ထိုမင်းကို အဲဂုတ္တုရှင်ဘုရင်သည် ယေရုရှလင် မြို့မှာ နန်းချ၍၊ ယုဒပြည်၌ ငွေအခွက်တထောင်နှင့် ရွှေအခွက်တဆယ်ကို အခွန်တောင်းလေ၏။

  16. အဲဂုတ္တုရှင်ဘုရင် နေခေါသည်လည်း၊ ယောခတ် ၏ နောင်တော်ဧလျာကိမ်ကို ယုဒပြည်ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်၍။ ယောယကိမ်အမည်သစ်ကို ပေးပြီးလျှင်၊ ညီတော်ယောခတ်ကို အဲဂုတ္တုပြည်သို့ ယူသွား၏။

  17. သေသောသူအတွက် ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။ အခြားတပါးသို့ သွားသောသူအတွက် ငိုကြွေး ခြင်းကို ပြုကြလော့။ သူသည် နောက်တဖန်ပြန်၍မလာရ။ မိမိမွေးဘွားရာဌာနကို မမြင်ရ။

  18. ခမည်းတော်ယောရှိမင်းကြီး အရာ၌စိုးစံ၍ ဤပြည်မှ ထွက်သွားသော ယုဒရှင်ဘုရင် ယောရှိမင်းကြီး ၏ သားရှလ္လုံကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ထိုမင်းသည် နောက်တဖန်ဤပြည်သို့ ပြန်၍မလာရ။

  19. ရန်သူတို့ သိမ်းသွားရာပြည်၌ပင် သေရလိမ့် မည်။ ဤပြည်ကို နောက်တဖန်မမြင်ရ။