God
God ကို ဖော်ပြသော အခန်းငယ်များ
ထာဝရဘုရားကို ကြောက်ရွံသော သဘောသည် ပညာ၏ အချုပ်အခြာဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသော သူတို့သည် ကောင်းသောဉာဏ် ရှိကြ၏။ ဂုဏ်အသရေတော်သည် အစဉ်အမြဲ တည် သတည်း။
ထာဝရဘုရားကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ ၌ အလွန်မွေ့လျော်သော သူသည်မင်္ဂလာရှိ၏။
မကောင်းသော သိတင်းကိုမကြောက်ရ၊ စိတ် နှလုံးသည် ထာဝရဘုရားကို ကိုးစားသဖြင့် တည်ကြည် တတ်၏။
ထာဝရဘုရား၏ ကျွန်တော်တို့၊ ထာဝရဘုရား ၏နာမတော်ကို ချီးမွမ်းကြလော့။ ချီးမွမ်းကြလော့။
ထာဝရဘုရား၏ နာမတော်သည် ယခုမှစ၍၊ အစဉ်အဆက် မင်္ဂလာရှိစေသတည်း။
နေထွက်ရာမှသည် နေဝင်ရာတိုင်အောင်၊ ထာဝရဘုရား၏နာမတော်သည် ချီးမွမ်းဘွယ်ဖြစ်၏။
ထာဝရဘုရားသည် လူမျိုးတကာတို့ အပေါ်၌၎င်း၊ ဘုန်းတော်သည် ကောင်းကင်အပေါ်၌၎င်း မြင့်တော်မူ၏။
ကိုယ်ကို ချီးမြှင့်၍ ကျိန်းဝပ်တော်မူသော်လည်း၊
ကိုယ်ကိုနှိမ့်ချ၍ ကောင်းကင်အရာနှင့် မြေကြီး အရာတို့ကို ကြည့်ရှုတော်မူသော ငါတို့၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သူ တူသနည်း။
မင်းသားတို့တွင်၎င်း၊ မိမိလူတို့ကို အုပ်စိုးသော မင်းတို့တွင်၎င်း နေရာပေးတော်မူ၏။
မြုံနေသောမိန်းမသည် အိမ်၌နေ၍၊ဝမ်းမြောက် သောစိတ်နှင့် သားဘွားရသော အခွင့်ကို ပေးတော်မူ၏။ ဟာလေလုယ။
ယုဒအမျိုးသည် သန့်ရှင်းရာဌာနတော်ဖြစ်၏။ ဣသရေလအမျိုးသည် နိုင်ငံတော်ဖြစ်၏။
အိုမြေကြီး၊ အရှင်၏မျက်နှာတော်ရှေ့၊ ယာကုပ် အမျိုးကိုးကွယ်သော ဘုရားသခင်၏ မျက်နှာတော်ရှေ့မှာ တုန်လှုပ်လျက်နေလော့။
အကျွန်ုပ်တို့၌ ဘုန်းမရှိစေဘဲ၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့၌ ဘုန်းမရှိစေဘဲ၊ ကိုယ်တော်၏နာမ၌ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် ဘုန်းရှိပါစေ သတည်း။
သူတို့၏ ဘုရားသခင်သည် အဘယ်မှာရှိ သနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြမည်နည်း။
ငါတို့၏ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏။
အို ဣသရေလအမျိုး၊ ထာဝရဘုရားကို ကိုးစား လော့။ ထာဝရဘုရားသည် ဣသရေလအမျိုးကို မစသော သူ၊ ကွယ်ကာသောသူဖြစ်တော်မူ၏။
အိုအာရုန်အမျိုးအနွယ်၊ ထာဝရဘုရားကို ကိုးစားလော့။ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ်ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။
ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထိုဘုရားကို ကိုးစားကြလော့။ ထာဝရဘုရားသည် ထိုသို့ သော သူတို့ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော် မူ၏။
ထာဝရဘုရားသည် ငါတို့ကို အောက်မေ့တော် မူ၏။ ကောင်းကြီးပေးတော်မူမည်။ ဣသရေလအမျိုးကို ကောင်းကြီးပေးတော်မူမည်။ အာရုန်အမျိုးအနွယ်ကို ကောင်းကြီးပေးတော်မူမည်။
ထာဝရဘုရားကို ကြောက်ရွံ့သောသူ အကြီး အငယ်တို့ကို ကောင်းကြီးပေးတော်မူမည်။
ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ သားမြေးတို့၌ မင်္ဂလာကို တိုးပွားစေတော်မူမည်။
သင်တို့သည် ကောင်းကင်နှင့်မြေကြီးကို ဖန် ဆင်းသော ထာဝရဘုရား ကောင်းကြီးပေးတော်မူသော သူ ဖြစ်ကြ၏။
ကောင်းကင်ကား၊ ထာဝရဘုရား၏ ကောင်း ကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အား ပေးတော် မူပြီ။
သေလွန်သောသူ၊ ငြိမ်းရာထဲသို့ ဆင်းသောသူ ရှိသမျှတို့သည် ထာဝရဘုရားကို မချီးမွမ်းရကြ။