Skip to content
ကမ္ဘာဦးကျမ်း 24:29-53

ကမ္ဘာဦးကျမ်း 24:29-53

29
ရေဗက္က၌ လာဗန်အမည်ရှိသော မောင် တယောက်ရှိ၏။ လာဗန်သည် ယောက်ျားရှိရာ ရေတွင်း သို့ပြေး၏။
30
သူသည်နှာဆွဲကို၎င်း၊ နှမလက်၌ လက်ကောက် ကို၎င်း မြင်၍၊ ထိုယောက်ျားသည်ကျွန်ုပ်ကို ဤသို့ ပြောသည်ဟု၊ နှမရေဗက္ကဆိုသော စကားကို ကြားသော အခါ၊ ရေတွင်း၌ ကုလားအုပ်အနားမှာရပ်နေသော ယောက်ျားထံသို့ ရောက်သောအခါ၊
31
ထာဝရဘုရားကောင်းကြီးပေးတော်မူသော သူ၊ ကျွန်ုပ်အိမ်သို့ ဝင်ပါလော့။ ပြင်၌အဘယ်ကြောင့် ရပ်နေ သနည်း။ အိမ်ကို၎င်း၊ ကုလားအုပ် များနေရာအရပ်ကို ၎င်း၊ ကျွန်ုပ်ပြင်ပါပြီဟုဆိုသဖြင့်၊
32
ယောက်ျားကိုအိမ်သို့သွင်း၍ ကုလားအုပ်တို့ တန်ဆာကို ချွတ်ပြီးမှ၊ သူတို့အားမြက်ခြောက်နှင့်စားစရာ ကို ပေး၏။ ယောက်ျားခြေ၊ လိုက်သော သူတို့ခြေဆေးဘို့ ရေကိုလည်းပေးလေ၏။
33
သူ့ရှေ့မှာ စားစရာကို ထည့်သောအခါ၊ သူက၊ ကျွန်ုပ်သည် ကိုယ်အမှုကိုမပြောမှီမစားလိုပါဟုဆိုလျှင်၊ ပြောပါဟုဆို၏။
34
ယောက်ျားကလည်း၊ ကျွန်ုပ်ကားအာဗြဟံ၏ ကျွန်ဖြစ်ပါ၏။
35
ထာဝရဘုရားသည် ကျွန်ုပ်၏သခင်ကို အလွန် ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည်ကြီးမြတ်ခြင်းသို့ ရောက်လေပြီ။ သိုးစု၊ နွားစု၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်နှင့်မြည်းများတို့ကို ပေးတော်မူပြီ။
36
ကျွန်ုပ်သခင်၏မယားစာရာသည်၊ သခင် အသက်အိုသောအခါ၊ သူ့အားသားကို ဘွားမြင်သဖြင့်၊ ထိုသားအားဥစ္စာရှိသမျှကိုသခင်သည် အပ်ပေးပြီ။
37
ကျွန်ုပ်၏သခင်ကလည်း၊ သင်သည်ငါနေသော ခါနာန်အမျိုးသမီးတို့တွင်၊ ငါ့သားဘို့ မယားကို မရွေးဘဲ၊
38
ငါ့အဘ၏အိမ်၊ ငါ့အမျိုးသားချင်းတို့ထံသို့ သွား၍၊ ငါ့သားဘို့ မယားကို ယူရမည်ဟု အကျွန်ုပ်ကို ကျိန်ဆိုစေ၏။
39
အကျွန်ုပ်ကလည်း၊ မိန်းမသည်မလိုက်လိုလျှင် အဘယ်သို့နည်းဟု သခင်ကိုမေးလေသော်၊
40
သခင်က၊ အကြင်ထာဝရဘုရားသခင်ရှေ့တော် ၌ ငါသွားလာ၏၊ ထိုဘုရားသည် မိမိကောင်းကင်တမန် ကို သင်နှင့်အတူစေလွှတ်၍၊ သင်သွားသောအမှုကို ပြုစုတော်မူသဖြင့်၊ ငါ့အမျိုးသားချင်း၊ ငါ့အဘ၏အိမ်ထဲ က ငါ့သားဘို့ မယားကိုယူရမည်။
41
ငါ့အမျိုးသားချင်းတို့ထံသို့ရောက်သောအခါ၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေ။ ထိုသူတို့သည်မိန်းမကိုမပေးသော်လည်း၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေမည်ဟု ပြော၏။
42
ကျွန်ုပ်သည်ယနေ့ရေတွင်းသို့ ရောက်ပြီးလျှင်၊ ကျွန်ုပ်သခင် အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ရောက်လာသော အမှုကို ယခုပြုစုတော်မူလျှင်၊
43
အကျွန်ုပ်သည် ရေတွင်းနားမှာရပ်နေ၍၊ ရေခပ် ခြင်းငှါ လာသော အကြင်သမီးကညာကို၊ ကျွန်ုပ်သောက် ဘို့ သင်၏ရေဘူး၌ရေအနည်းငယ်ကို ပေးပါဟုတောင်း သော်၊
44
သောက်ပါ။သင်၏ကုလားအုပ်တို့ဘို့လည်း ရေခပ်ပါမည်ဟု ပြန်ဆိုသောသမီးကညာသည်၊ ကိုယ် တော်ကျွန်၏သားဘို့၊ ခန့်ထားတော်မူသော မိန်းမဖြစ်ပါ စေသောဟု လျှောက်ဆို၏။
45
ထိုသို့စိတ်နှလုံး၌ လျှောက်ဆို၍မပြီးမှီ၊ ရေဗက္ကသည် ရေဘူးကို ထမ်းလျက်ထွက်လာသဖြင့်၊ ရေတွင်းသို့ ဆင်း၍ ရေခပ်သည်ကို ကျွန်ုပ်မြင်လျှင်၊ ရေသောက်ပါရ စေဟု သူ့ကိုတောင်းလေသော်၊
46
သူသည်အလျင်အမြန်ပခုံးပေါ်က ရေဘူးကို ချလျက်၊ သောက်ပါလော့။ သင်၏ ကုလားအုပ်တို့ကို လည်း၊ ရေတိုက်ပါမည်ဟုဆိုသည်အတိုင်း၊ ကျွန်ုပ်သောက် ရ၏။ ကုလားအုပ်တို့ကိုလည်း ရေတိုက်လေ၏။
47
ကျွန်ုပ်ကလည်း၊ သင်သည် အဘယ်သူ၏ သမီးဖြစ်သနည်းဟုမေးသော်၊ သူက၊ ကျွန်ုပ်သည် မိလခါ ဘွားမြင်သော နာခေါ်သားဗေသွေလ ၏သမီးဖြစ်သည် ဟုပြောဆို၏။ ကျွန်ုပ်သည် မိလခါဘွားမြင်သော နာခေါ် သားဗေသွေလ၏သမီးဖြစ်သည်ဟုပြောဆို၏။ ကျွန်ုပ် သည်လည်း၊ သူ၏ မျက်နှာ၌နှာဆွဲကို၎င်း၊ သူ၏လက်၌ လက်ကောက်တို့ကို၎င်းထည့်ပြီးလျှင်၊
48
ဦးညွှတ်ချ၍၊ ကျွန်ုပ်သခင်အစ်ကို၏ မြေးကို သခင်၏သားဘို့ ယူစေခြင်းငှါ၊ မှန်သောလမ်းဖြင့် ပို့ဆောင်တော်မူသော ကျွန်ုပ်သခင် အာဗြဟံ၏ ဘုရား သခင် ထာဝရဘုရားကို ကောင်းကြီးပေး၍ ကိုးကွယ် လေ၏။
49
ယခုတွင်သင်တို့သည်၊ ကျွန်ုပ်သခင်၌ သစ္စာနှင့် ကျေးဇူးပြုမည်၊ မပြုမည်ကိုပြောပါ။ ကျွန်ုပ်သည်လည်း၊ လက်ျာလမ်းဖြစ်စေ၊ လက်ဝဲလမ်းဖြစ်စေ၊ တလမ်းလမ်းသို့ လိုက်သွားပါမည်ဟု ပြောဆို၏။
50
လာဗန်နှင့်ဗေသွေလတို့ကလည်း၊ ဤအမှုသည် ထာဝရဘုရား စီရင်တော်မူသောအမှုဖြစ်၏။ အကျွန်ုပ်တို့ သည်၊ သင့်အား ကောင်းမကောင်းကို မပြောနိုင်ပါ။
51
ရေဗက္ကသည် သင့်ရှေ့၌ရှိပါ၏။ ယူသွားပါ လော့။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သင်၏ သခင်သား၏ မယားဖြစ်စေဟုပြန်ဆို၏။
52
ထိုစကားကိုကြားလျှင်၊ အာဗြဟံကျွန်သည် ဦးညွှတ်ချ၍၊ ထာဝရဘုရားကို ကိုးကွယ်ပြီးမှ၊
53
ငွေဖလား၊ ရွှေဖလား၊ အဝတ်တန်ဆာများကို ထုတ်၍ ရေဗက္ကအားပေး၏။ သူ၏အမိ၊ မောင်အားလည်း၊ အဘိုးထိုက်သော လက်ဆောင်ကိုပေး၏။
Settings

Reading Style

Typeface

Font Size 19px

Options