အကြောင်းအရာသို့ ကျော်သွားရန်

Altar of Incense အကြောင်း ကျမ်းစာအခန်းငယ်များ

32 အခန်းငယ် · 17 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တနည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာ ယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်ရမည်။

  2. ထိုပလ္လင်သည် အလျားတတောင်၊ အနံတတောင်၊ စတုရန်းလေးထောင့်ဖြစ်၍၊ အမြင့်နှစ်တောင်ရှိ ရမည်။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေရမည်။

  3. ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွမ်းမံ၍၊ အပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည်။

  4. ရွှေတန်ဆာအောက်၊ ပလ္လင်တဘက်တချက်ထောင့်၌ ရွှေကွင်းနှစ်ကွင်းကို လုပ်၍၊ ပလ္လင်ထမ်းစရာ ထမ်းဘိုးနေရာ ဖြစ်ရမည်။

  5. ထမ်းဘိုးတို့ကို အကာရှသားနှင့် လုပ်၍ ရွှေနှင့်မွမ်းမံခံရမည်။

  6. ငါသည် သင်နှင့်တွေ့ရာအရပ်၊ သက်သေခံချက် ထားသောသေတ္တာကို ကာသော ကုလားကာရှေ့၌ ထိုပလ္လင်ကို ထားရမည်။

  7. အာရုန်သည် နံနက်တိုင်း မီးခွက်တို့ကို ပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေးသော နံ့သာပေါင်းကို ရှို့ရမည်။

  8. ညဦးယံ၌လည်း မီးခွက်တို့ကို ထွန်းသောအခါ၊ ထိုပလ္လင်ပေါ်မှာ နံ့သာပေါင်းကို ရှို့ရမည်။ ထိုသို့ သင်တို့ သားစဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့တော်၌ အစဉ်အမြဲ ပြုရသော နံ့သာ ပေါင်းရှို့ခြင်း ဖြစ်သတည်း။

  9. ထိုပလ္လင်ပေါ်မှာ ထူးခြားသော နံ့သာပေါင်းကို မရှို့ရ။ မီးရှို့သော ယဇ်ကို မပြုရ။ ဘောဇဉ် ပူဇော်သက္ကာကိုလည်း မပြုရ။ သွန်းလောင်းရာ ပူဇော်သက္ကာကိုလည်း မပြုရ။

  10. အာရုန်သည် တနှစ်တခါ အပြစ်ဖြေရာယဇ် ကောင်းအသွေးကိုယူ၍၊ ထိုပလ္လင်၏ ဦးချိုတို့၌ အပြစ်ဖြေခြင်း မင်္ဂလာကို ပြုရမည်။ သင်တို့ သားစဉ်မြေးဆက်တို့သည် တနှစ်တခါ ထိုသို့ ပြုရ ကြမည်။ ထာဝရဘုရားအား အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်သည်။

  11. ပရိသတ်စည်းဝေးရာ တဲတော်နှင့် သက်သေခံချက်သေတ္တာကို၎င်း၊

  12. စားပွဲနှင့် စားပွဲတန်ဆာရှိသမျှကို၎င်း၊ မီးခုံနှင့် မီးခုံတန်ဆာကို၎င်း၊ နံ့သာပေါင်းရှို့သောပလ္လင်၊

  13. တနည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာ ယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်လေ၏။ ထိုပလ္လင်သည် အလျားတတောင်၊ အနံတတောင်၊ စတုရန်းလေးထောင့်ဖြစ်၍ အမြင့်နှစ်တောင်ရှိလေ၏။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေ၏။

  14. ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွမ်းမံ၍၊ အပေါ်နားပတ်လည်၌ကွပ်သော ရွှေတန်ဆာကို လုပ်လေ၏။

  15. ရွှေတန်ဆာအောက် ပလ္လင်တဘက်တချက်ထောင့်၌ ရွှေကွင်းနှစ်ကွင်းကိုလုပ်၍ ပလ္လင်ထမ်းစာရာ ထမ်းဘိုးနေရာဖြစ်၏။

  16. ရွှေယဇ်ပလ္လင်၊ လိမ်းရန်ဆီ၊ မီးရှို့ရာနံ့သာပေါင်းမွှေး၊ တဲတော်တံခါးဝ ကာစရာ ကုလားကာကို၎င်း၊

  17. နံ့သာပေါင်းရှို့ရာ ရွှေပလ္လင်ကို သက်သေခံချက် သေတ္တာရှေ့၌ တည်ထား၍၊ တဲတော်တံခါးဝကာသော ကုလားကာကို ဆွဲကာရမည်။

  18. ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ရွှေပလ္လင်ကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း ကုလားကာပြင်မှာ ထား၍၊

  19. တဖန်ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာ ရှိသော နံ့သာပေါင်းမွှေးကို မီးရှို့ရာ ပလ္လင်ဦးချိုတို့၌ နွားအသွေးကို ထည့်၍၊ ကြွင်းသော အသွေးကို၊ ပရိသတ် စည်းဝေးရာ တဲတော်တံခါးရှေ့၌ရှိသော မီးရှို့ရာ ယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။

  20. တဖန် ယဇ်ပုရောဟိတ်သည်၊ ပရိတ်သတ်စည်းဝေးရာ တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာ ရှိသော ပလ္လင်ဦးချိုတို့၌ အသွေးကို ထည့်၍၊ ကြွင်းသောအသွေးကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ရှိသော မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။

  21. အာရုန်၏သားနာဒပ်နှင့် အတိဟုတို့သည်၊ ကိုယ်စီဆိုင်သော လင်ပန်းတို့ကို ယူလျက်၊ မီးကိုထည့်၍ လောဗန်ကို တင်ပြီးလျှင်၊ ထာဝရဘုရား မှာထားတော်မူသော မီးမဟုတ်၊ ထူးခြားသော မီးကို ရှေ့တော်၌ ပူဇော်၏။

  22. ထိုအခါ ထာဝရဘုရားထံတော်မှ မီးထွက်၍၊ သူတို့ကို လောင်သဖြင့် ရှေ့တော်၌ သေကြ၏။

  23. နောက်တဖန် ထာဝရဘုရားရှေ့တော် ယဇ်ပလ္လင်သို့ ထွက်လာ၍ ထိုပလ္လင်အဘို့ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ နွားအသွေး၊ ဆိတ်အသွေးကိုယူ၍ ယဇ်ပလ္လင်ပတ်လည် ဦးချိုတို့၌ ထည့်ရမည်။

  24. ယဇ်ပလ္လင်အပေါ်၌လည်း ထိုအသွေးကို လက်ညှိုးနှင့် ခုနှစ်ကြိမ်တိုင်အောင် ဖြန်း၍ ဣသရေလ အမျိုးသားတို့၏ မစင်ကြယ်သောအပြစ်မှ စင်ကြယ်သန့်ရှင်းစေရမည်။

  25. ရွှေယဇ်ပလ္လင်ပေါ်မှာ ပြာသောအထည်ကို ခင်း၍၊ တဟာရှသားရေနှင့်အုပ်ပြီးလျှင်၊ ထမ်းဘိုးတို့ကို လျှိုထားရမည်။