Skip to content

ဝတ်ပြုရာကျမ်း27

သစ္စာကတိများနှင့် ရွေးနုတ်ခြင်းအကြောင်း နိဒါန်း

1
တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

သစ္စာကတိပြုထားသော လူများ၏ တန်ဖိုးဖြတ်ခြင်း

2
လူသည် သစ္စာဂတိပြု၍ ပူဇော်လျှင်၊ ပူဇော်အပ်သော သူသည်၊ သင်အဘိုးပြတ်သည်အတိုင်း ထာဝရ ဘုရား၏ ဘဏ္ဍာတော် ဖြစ်ရမည်။
3
သင်သည် အဘယ်မျှ အဘိုးပြတ်ရမည်နည်းဟူမူကား၊ ယောက်ျားကို အသက်နှစ်ဆယ်မှသည် ခြောက်ဆယ်တိုင်အောင်၊ အကျပ်တော်အလိုက် ငွေအကျပ်ငါးဆယ်နှင့် အဘိုးပြတ်ရမည်။
4
မိန်းမဖြစ်လျှင်၊ ငွေအကျပ်သုံးဆယ်နှင့် အဘိုးပြတ်ရမည်။
5
အသက်ငါးနှစ်မှသည် ဆယ်နှစ်တိုင်အောင်၊ ယောက်ျားကို အကျပ်နှစ်ဆယ်၊ မိန်းမကို အကျပ်တဆယ် နှင့် အဘိုးပြတ်ရမည်။
6
အသက်တလမှသည် ငါးနှစ်တိုင်အောင်၊ ယောက်ျားကို ငွေငါးကျပ်၊ မိန်းမကို သုံးကျပ်နှင့် အဘိုး ပြတ်ရမည်။
7
အသက်ခြောက်ဆယ်လွန်လျှင်၊ ယောက်ျားကို ဆယ်ငါးကျပ်၊ မိန်းမကို တဆယ်နှင့် အဘိုးပြတ်ရမည်။
8
သင်အဘိုးပြတ်သည်အတိုင်း၊ မတတ်နိုင်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့ ချဉ်းကပ်၍၊ ယဇ်ပုရောဟိတ် သည် သစ္စာဂတိပြုသောသူ တတ်နိုင်သမျှအတိုင်း အဘိုးပြတ်ရမည်။

ဆက်ကပ်ထားသော တိရစ္ဆာန်များ၏ တန်ဖိုးဖြတ်ခြင်း

9
လူသည် တိရစ္ဆာန်ကို ထာဝရဘုရားအား ပူဇော်လျှင်၊ ပူဇော်သမျှသည် သန့်ရှင်းရမည်။
10
ကောင်းသည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ၊ တကောင်အတွက် တကောင်ကို မလဲရ။ လဲလိုလျှင်၊ နှစ်ကောင် စလုံး သန့်ရှင်းရမည်။
11
ထာဝရဘုရားအား မပူဇော်အပ်၊ မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင်၊ ယဇ်ပုရောဟိတ်အား ပြ၍၊
12
ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ် အဘိုးပြတ်ရမည်။ ယဇ်ပုရောဟိတ် ပြတ်သည် အတိုင်း အဘိုးရှိရမည်။
13
ပူဇော်သော သူသည် ရွေးလိုလျှင်၊ အဘိုးရင်းနှင့် ငါးစုတစုကို ထပ်၍ ပေးရမည်။

ဆက်ကပ်ထားသော အိမ်များ၏ တန်ဖိုးဖြတ်ခြင်း

14
လူသည် မိမိအိမ်ကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊ ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ် အဘိုးပြတ်ရမည်။ ယဇ်ပုရောဟိတ်ပြတ်သည်အတိုင်း အဘိုးရှိရမည်။
15
ထိုအိမ်ကို သန့်ရှင်းစေသောသူ ရွေးလိုလျှင်၊ ပြတ်သောအဘိုးရင်းနှင့် ငါးစုတစုကို ပေး၍ အိမ်ကို ယူရမည်။

ဆက်ကပ်ထားသော လယ်များ၏ တန်ဖိုးဖြတ်ခြင်း

16
လူသည် ကိုယ်ပိုင်သော လယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊ မုယောမျိုးစေ့ ကြဲရသည် အတိုင်း အဘိုးပြတ်ရမည်။ မျိုးစေ့ တဩမဲကြဲရသော လယ်ကို၊ ငွေအကျပ် ငါးဆယ်နှင့် အဘိုးပြတ် ရမည်။
17
ယုဘိလနှစ်မှစ၍ မိမိလယ်ကို သန့်ရှင်းစေလျှင်၊ ပြတ်သည်အတိုင်း အဘိုးရှိရမည်။
18
ယုဘိလနှစ်လွန်မှ မိမိလယ်ကို သန့်ရှင်းစေလျှင်၊ နောင် ယုဘိလနှစ်မှီအောင် လိုသေးသော နှစ်ပေါင်းကို၊ ယဇ်ပုရောဟိတ် ရေတွက်၍ ပြတ်သော အဘိုးရင်းငွေကို လျှော့ရမည်။
19
မိမိလယ်ကို သန့်ရှင်းစေသော သူသည် ရွေးလိုလျှင်၊ ပြတ်သော အဘိုးရင်းနှင့် ငါးစုတစုကို ပေး၍ လယ်ကို အပိုင်ယူရမည်။
20
သို့မဟုတ် လယ်ကိုမရွေးလို၊ အခြားသောသူအား ရောင်းမိလျှင်၊ နောက်တဖန် မရွေးရ။-
21
ယုဘိလနှစ်တွင် ထိုလယ်သည် အမှုလွတ်သောအခါ၊ ကျိန်ဆိုသောလယ်ကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်း၍ ယဇ်ပုရောဟိတ်၏ ဥစ္စာဖြစ်ရမည်။
22
လူသည် ကိုယ်ပိုင်ရင်းမဟုတ်၊ ဝယ်သော လယ်ယာကို ထာဝရဘုရားအဘို့ သန့်ရှင်းစေလျှင်၊-
23
ယုဘိလနှစ်တိုင်အောင် ပြတ်သောအဘိုးကို၊ ယဇ်ပုရောဟိတ်ရေတွက်၍၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေသောနေ့၌ အဘိုးပြတ်သောငွေကို ပေးရမည်။
24
ယုဘိလနှစ်ရောက်သောအခါ၊ ထိုလယ်ကို အရင်ပိုင်၍ ရောင်းသောသူ လက်သို့ ပြန်စေရမည်။
25
အဘိုးပြတ်လေရာရာ၌ အကျပ်တော်အလိုက် ပြတ်ရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။

သားဦးတိရစ္ဆာန်များဆိုင်ရာ စည်းမျဉ်းများ

26
ထာဝရဘုရား ပိုင်ထိုက်သော တိရစ္ဆာန်သားဦးကို၊ အဘယ်သူမျှ မသန့်ရှင်းစေရ။ နွားဖြစ်စေ၊ သိုးဆိတ် ဖြစ်စေ၊ ထာဝရဘုရားဥစ္စာဖြစ်၏။
27
မစင်ကြယ်သော တိရစ္ဆာန်ဖြစ်လျှင်၊ အဘိုးပြတ်သည်အတိုင်း ရွေး၍၊ ငါးစုတစုကို ထပ်၍ ပေးရမည်။ မရွေးလိုလျှင်၊ အဘိုးပြတ်သည်အတိုင်း ရောင်းရမည်။

အပ်နှံထားသောအရာဆိုင်ရာ တရား

28
သို့ရာတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ကိုယ်ပိုင်ရင်းလယ်ဖြစ်စေ၊ ထာဝရဘုရားအား ကျိန်ဆို၍ ပူဇော်သမျှကို မရောင်းမရွေးရ။ ကျိန်ဆို၍ ပူဇော်သမျှတို့သည် ထာဝရဘုရားအား အလွန်သန့် ရှင်းရမည်။-
29
လူကိုပင် ကျိန်ဆို၍ ပူဇော်လျှင်၊ နောက်တဖန် မရွေးရ၊ သတ်ရမည်။

ဆယ်ဖို့တစ်ဖို့ဆိုင်ရာ တရား

30
စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသော အသီးအနှံ ဆယ်စုတစုသည် ထာဝရဘုရား၏ ဘဏ္ဍာတော် ဖြစ်၏။ ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။
31
ဆယ်စုတစုကို ရွေးလိုလျှင်၊ အဘိုးရင်းနှင့်ငါးစုတစုကို ထပ်၍ ပေးရမည်။
32
နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ကြိမ်လုံးအောက်၌ သွားသမျှသော အကောင် ဆယ်စုတစုသည်၊ ထာဝရ ဘုရားအဘို့ သန့်ရှင်းရမည်။
33
ကောင်းသလော၊ ညံ့သလောဟု မမေးမစစ်ရ။ တကောင်အတွက် တကောင်ကို မလဲရ။ လဲလိုလျှင် နှစ်ကောင်စလုံး သန့်ရှင်းရမည်။ အလျှင်းမရွေးရဟု မိန့်တော်မူ၏။

နိဂုံး

34
ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဘို့ မောရှေ၌ ထားတော်မူသော ပညတ်တော်များ ဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသော ဝတ်ပြုရာ ကျမ်းပြီး၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်

Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options