Skip to content
ရှင်မဿဲခရစ်ဝင် 8:1-17

ရှင်မဿဲခရစ်ဝင် 8:1-17

1
ကိုယ်တော်သည် တောင်ပေါ်မှဆင်းကြွတော်မူလျှင်၊ များစွာသောလူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြ၏။
2
ထိုအခါ နူနာစွဲသောသူတယောက်သည် ညွတ်ပြပ်လျက်၊ သခင်အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု လျှောက်လေ၏။
3
ယေရှုကလည်း ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူလျက် လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။
4
ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူအားမျှမပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ သူတပါး၌ သက်သေဖြစ်စေခြင်းငှါ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟု မိန့်တော်မူ၏။
5
ထိုနောက်မှ ကပေရနောင်မြို့သို့ ကြွဝင်တော်မူလျှင်၊ တပ်မှူးတယောက်သည် အထံတော်သို့လာ၍၊
6
သခင်၊ ကျွန်တော်၏ ငယ်သားတယောက်သည် လက်ခြေသေသည်အနာနှင့် ပြင်းစွာခံရ၍ အိမ်တွင် တုံးလုံးနေပါသည်ဟု တောင်းပန်လေ၏။
7
ယေရှုကလည်း ငါလာ၍ ချမ်းသာပေးမည်ဟု မိန့်တော်မူလျှင်၊
8
တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံ ထိုက်ပါ။ အမိန့်တော် တခွန်းရှိလျှင် ကျွန်တော်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။
9
ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တဦးကိုသွားချေဟုဆိုလျှင် သွားပါ၏။ တဦးကို လာခဲ့ဟုဆိုလျှင်လာပါ၏။ ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်လေ၏။
10
ထိုစကားကို ယေရှုသည်ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည် ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဘူးသေး။
11
ငါဆိုပြန်သည်ကား၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ့၊
12
နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချ ခြင်းကို ခံရကြလတံ့ဟု နောက်တော်သို့ လိုက်သောသူတို့အား မိန့်တော်မူပြီးမှ၊
13
တပ်မှူးအားသင်သွားလော့။ ယုံကြည်သည်နှင့်အညီ သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုခဏခြင်းတွင် သူ၏ငယ်သားသည် အနာရောဂါကင်း၍ သက်သာခြင်းသို့ ရောက်လေ၏။
14
ထိုနောက်မှ ယေရှုသည် ပေတရုအိမ်သို့ကြွ၍ ပေတရု၏ ယောက္ခမသည် ဖျားနာစွဲလျက် တုံးလုံးနေ သည်ကို တွေ့မြင်တော်မူ၏။
15
ထိုမိန်းမ၏လက်ကို တို့တော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ထ၍ ဧည့်သည်ဝတ်ကို ပြုလေ၏။
16
ညဦးယံ၌ နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ ဆောင်ခဲ့၍ နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ် တို့ကို နှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတို့ကို သက်သာစေတော်မူ၏။
17
ထိုအကြောင်းအရာမူကား၊ သူသည် အကျွန်ုပ်တို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ သည်ဟု ပရောဖက်ဟေရှာယ ဟောဘူးသောစကား ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။
Settings

Reading Style

Typeface

Font Size 19px

Options