ရှင်ယောဟန်ခရစ်ဝင် 5:10-34
10
ထိုနေ့သည် ဥပုသ်နေ့ဖြစ်၏။ ထိုကြောင့် ယုဒလူတို့က၊ ဥပုသ်နေ့ဖြစ်၏။ အိပ်ရာကို မဆောင်အပ်ဟု ရောဂါကင်းသော သူအားဆိုကြ၏။
11
သူကလည်း၊ အကျွန်ုပ်ကို ကျန်းမာစေသောသူက၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဆိုသည် ဟု ပြန်ပြော၏။
12
ယုဒလူတို့ကလည်း၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု သင့်အားဆိုသောသူကား အဘယ် သူနည်းဟု မေးမြန်းကြ၏။
13
ထိုသူကား၊ အဘယ်သူဖြစ်သည်ကို ရောဂါကင်းသောသူသည်မသိ။ အကြောင်းမူကား၊ ထိုအရပ်၌ လူစု ဝေးလျက်ရှိသည်ဖြစ်၍၊ ယေရှုသည် မထင်မရှား ထွက်ကြွတော်မူ၏။
14
ထိုနောက်မှ ယေရှုသည်ဗိမာန်တော်၌ ထိုသူကို တွေ့တော်မူလျှင် သင်သည် ကျန်းမာခြင်းရှိ၏။ သာ၍ ဆိုးသောဘေးနှင့် ကင်းလွတ်မည်အကြောင်း နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။
15
ထိုသူသည်သွား၍ မိမိကိုကျန်းမာစေသောသူသည် ယေရှုဖြစ်သည်ကို ယုဒလူတို့အားကြားပြော လေ၏။
16
ထိုအမှုကိုဥပုသ်နေ့၌ပြုတော်မူသောကြောင့်၊ ယုဒလူတို့သည် ယေရှုကိုညှဉ်းဆဲကြ၏။
17
ယေရှုကလည်း၊ ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍၊ ငါသည်လည်း လုပ်၏ဟု ပြန်ပြောတော်မူ၏။
18
သို့ဖြစ်၍ ဥပုသ်နေ့ကို ဖျက်သည်သာမက၊ ဘုရားသခင်ကို မိမိအဘဟုခေါ်၍ မိမိကိုဘုရားသခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့်၊ ယုဒလူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ သာ၍ရှာကြံကြ၏။
19
ယေရှုကလည်း၊ သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည် မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်၊ ခမည်းတော်ပြုတော်မူသမျှ အတိုင်း သားတော်လည်းပြု၏။
20
ခမည်းတော်သည်သားတော်ကိုချစ်တော်မူ၍ ပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ၏။ သင်တို့ သည် အံ့ဩဖွယ်ရှိစေခြင်းငှါ ဤမျှမက သာ၍ကြီးစွာသော အမူအရာတို့ကို သားတော်အားပြတော်မူလိမ့်မည်။
21
ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောကာရှင်ပြန်စေတော်မူသကဲ့သို့၊ ထိုနည်းတူ သား တော်သည်လည်း အလိုရှိသမျှသော သူတို့ကို ရှင်စေ၏။
22
လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသည်နည်းတူ၊
23
သားတော်ကို ရိုသေစေမည်အကြောင်း၊ ခမည်းတော်သည် အဘယ်သူကိုမျှ မတရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။ သားတော်ကို မရိုသေသောသူသည်ကား၊ သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူဖြစ်၏။
24
ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည် သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှအသက်ရှင်ခြင်းသို့ ကူး မြောက်သောသူဖြစ်၏။
25
ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏ စကားသံကိုကြား၍၊ ကြားသောအားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်လျက်ရှိ၏။
26
အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်၌ အသက်ရှိတော်မူသည်နည်းတူ၊ သားတော်သည်မိမိ၌ အသက်ရှိရသောအခွင့်ကို ပေးတော်မူ၏။
27
သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။
28
ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏ စကားသံကိုကြား၍၊
29
ထွက်ရမည့်အချိန်ကာလရောက်လတံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်းသို့၎င်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း ထွက်ရကြလတံ့။
30
ငါသည်ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည်အတိုင်း တရားစီရင်၏၊ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့်ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့လိုက်၏။
31
ငါသည် ကိုယ်အကြောင်းကို သက်သေခံလျှင် ငါ့သက်သေမတည်။
32
ငါ၏အကြောင်းကိုသက်သေခံသော သူတပါးရှိသေး၏။ ထိုသူ၏သက်သေတည်ကြောင်းကို ငါသိ၏။
33
သင်တို့သည် ယောဟန်ထံသို့စေလွှတ်ကြ၏။ သူသည် သမ္မာတရားဘက်၌ သက်သေခံ၏။
34
သို့သော်လည်းလူပေးသောသက်သေကို ငါသည်ပမာဏမပြု။ သင်တို့သည် ကယ်တင်ခြင်းသို့ ရောက် မည်အကြောင်း ဤစကားကို ငါပြော၏။
Settings