ထွက်မြောက်ရာကျမ်း 15:13-27
13
ရွေးတော်မူသော လူမျိုးကို ကရုဏာတော်အားဖြင့် ပို့ဆောင်တော်မူ၏။ သန့်ရှင်းသော နေတော်မူရာသို့ တန်ခိုးတော်အားဖြင့် လမ်းပြတော်မူ၏။
14
လူမျိုးတို့သည် သိတင်းကြား၍ ကြောက်လန့်ကြလိမ့်မည်။ ပါလေတ္တိနပြည်သူပြည်သားတို့သည် ပူပန်ခြင်းသို့ ရောက်ကြလိမ့်မည်။
15
ဧဒုံဗိုလ်တို့သည် မိန်းမောတွေဝေခြင်း၊ မောဘသူရဲတို့သည် တုန်လှုပ်ခြင်း၊ ခါနာန်ပြည်သားအပေါင်းတို့ သည် စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။
16
အို ထာဝရဘုရား၊ ကိုယ်တော်၏လူတို့သည် လွန်သွားသောအခါ၊ ရွေးတော်မူသော ကိုယ်တော်၏လူတို့ သည် လွန်သွားသောအခါ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ်၊ ထိတ်လန့်သောစိတ်အားကြီး၍ လက်ရုံးတော်တန်ခိုးကြောင့်၊ သူတို့သည် ကျောက်ကဲ့သို့ ငြိမ်ငြိမ်နေကြလိမ့်မည်။
17
အို ထာဝရဘုရား၊ အမွေခံတော်မူရာ တောင်တည်းဟူသော ကျိန်းဝပ်တော်မူရာဘို့ ဖန်ဆင်းတော်မူ သော အရပ်ထဲသို့ ကိုယ်တော်၏လူတို့ကို သွင်းတော်မူလိမ့်မည်။ အို ထာဝရဘုရား၊ လက်တော်နှင့် တည်တော်မူ သော သန့်ရှင်းရာဌာနတော်၌ နေရာချတော်မူလိမ့်မည်။
18
ထာဝရဘုရားသည် ကာလအစဉ်အမြဲ စိုးစံတော်မူစေသတည်းဟု သီချင်းဆိုကြလေ၏။
19
အကြောင်းမူကား၊ ဖာရောဘုရင်၏ မြင်းများ၊ ရထားများ၊ မြင်းစီးသူရဲများတို့သည် ပင်လယ်ထဲသို့ဝင်၍၊ ထာဝရဘုရားသည် သူတို့အပေါ်မှာ ပင်လယ်ရေကို လွှမ်းမိုးစေတော်မူ၏။ ဣသရေလအမျိုးသားတို့မူကား၊ ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားကြ၏။
20
အာရုန်၏ အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကို ကိုင်၍၊ မိန်းမအပေါင်းတို့သည် ပတ်သာတီးလျက် ကလျက် လိုက်သွားကြ၏။
21
မိရိအံကလည်း၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲကို ခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အား သီချင်းဆိုကြလော့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီဟု သူတို့နှင့် အသံပြိုင်၍ ဆိုလေ၏။
22
ထိုနောက် မောရှေသည် ဣသရေလလူတို့ကို၊ ဧဒုံပင်လယ်မှ ဆောင်သွား၍၊ သူတို့သည် ရှုရတောသို့ ရောက်ကြ၏။ ထိုတော၌ သုံးရက်ခရီးသွား၍ ရေကို မတွေ့မရကြ။
23
မာရအရပ်သို့ရောက်သောအခါ၊ မာရရေသည် ခါးသောကြောင့် မသောက်နိုင်ကြ။ ထိုကြောင့် ထိုအရပ်ကို မာရဟု သမုတ်ကြသတည်း။
24
လူများတို့သည် မောရှေကို အပြစ်တင်၍ မြည်တမ်းလျက်၊ အဘယ်သို့ သောက်ရပါမည်နည်းဟု ဆိုကြ၏။
25
မောရှေသည် ထာဝရဘုရားအား အော်ဟစ်၍ ထာဝရဘုရားသည် သစ်ပင်တပင်ကို ပြတော်မူ၏။ ထိုအပင်ကို ရေထဲသို့ ချပြီးလျှင်၊ ရေသည် ချိုလေ၏။ ထိုအရပ်၌ သူတို့ကို စုံစမ်း၍ စီရင်ထုံးဖွဲ့တော်မူသည်ကား၊
26
သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ စကားကို စေ့စေ့နားထောင်၍ နှစ်သက်တော်မူ သောအကျင့်ကို ကျင့်လျှင်၎င်း၊ ပညတ်တရားတော်အလိုသို့ လိုက်၍ စီရင်တော်မူချက်တို့ကို စောင့်ရှောက်လျှင် ၎င်း၊ ငါသည် အဲဂုတ္တုလူတို့၌ စွဲစေသော ရောဂါတစုံတခုကိုမျှ သင်တို့၌ မစွဲစေ။ ငါသည် သင်တို့၏ ရောဂါကို ငြိမ်းစေသော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
27
ထိုနောက်မှ ရေတွင်းဆယ်နှစ်တွင်း၊ စွန်ပလွံပင် ခုနစ်ဆယ်နှင့် ပြည့်စုံရာ ဧလိမ်ရွာသို့ရောက်၍၊ ထိုအရပ်တွင် ရေရှိရာအနားမှာ တပ်ချကြ၏။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings