Skip to content
ထွက်မြောက်ရာကျမ်း 12:31-42

ထွက်မြောက်ရာကျမ်း 12:31-42

31
ထိုညဉ့်ခြင်းတွင် မောရှေနှင့် အာရုန်ကို ခေါ်တော်မူလျှင်၊ သင်တို့မှစ၍ ဣသရေလအမျိုးသားတို့၊ ထ၍ ငါ့လူစုထဲက ထွက်သွားကြလော့။ သင်တို့တောင်းသည်အတိုင်း ထာဝရဘုရားအား သွား၍ ဝတ်ပြုကြလော့။
32
သင်တို့တောင်းသည်အတိုင်း သိုးနွားများကို ယူ၍ သွားကြလော့။ ငါ့ကိုလည်း ကောင်းကြီးပေးကြလော့ဟု မိန့်တော်မူ၏။
33
အဲဂုတ္တုလူတို့ကလည်း၊ ငါတို့ရှိသမျှသည် အသေကောင်ဖြစ်ကြပြီဟုဆိုလျက်၊ ဣသရေလလူတို့ကို အဲဂုတ္တုပြည်ထဲက အလျင်အမြန်လွှတ်ခြင်းငှာ ကျပ်ကျပ်နှိုးဆော်ကြ၏။
34
ထိုလူတို့သည် တဆေးမရောသေးသော မုန့်စိမ်းကိုယူ၍ မုန့်နယ်သောခွက်တို့ကိုလည်း အဝတ်နှင့်တကွ ထုပ်၍ ထမ်းကြ၏။
35
မောရှေစီရင်သည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ငွေတန်ဆာ၊ ရွှေတန်ဆာ၊ အဝတ်တန်ဆာ များကို အဲဂုတ္တုလူတို့၌ တောင်းကြ၏။
36
တောင်းသည်အတိုင်းလည်း၊ ပေးချင်သောစေတာစိတ်ကို အဲဂုတ္တုလူတို့အား ထာဝရဘုရား ပေးတော်မူ သဖြင့်၊ အဲဂုတ္တုလူတို့၏ ဥစ္စာများကို လုယူကြ၏။
37
ဣသရေလအမျိုးသားမိန်းမနှင့် သူငယ်ကို မဆိုဘဲ၊ ယောက်ျားအရေအတွက်အားဖြင့် ခြောက်သိန်းခန့်မျှ ရှိသောသူတို့သည်၊ ရာမသက်မြို့မှ ထွက်၍ သုကုတ်အရပ်သို့ ခရီးသွားကြ၏။
38
အမျိုးမျိုးသော လူအများတို့သည်လည်း၊ သိုးနွားအစရှိသော များစွာသောတိရစ္ဆာန်တို့နှင့်တကွ လိုက်ကြ၏။
39
တဆေးမရောဘဲ အဲဂုတ္တုပြည်မှ ဆောင်ခဲ့သော မုန့်စိမ်းကိုယူ၍၊ တဆေးမပါသောမုန့်ကို ဖုတ်ရကြ၏။ အကြောင်းမူကား၊ အဲဂုတ္တုပြည်၌ မနွှဲမဖင့် အနှင်ခံရသောကြောင့်၊ ကိုယ်စားစရာကို မပြင်မှီကြ။
40
ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်၍၊ တည်နေကြသော ကာလနှစ်ပေါင်း လေးရာသုံးဆယ် ဖြစ်သတည်း။
41
အနှစ်လေးရာသုံးဆယ်စေ့သောနေ့ခြင်းတွင်၊ ထာဝရဘုရား၏ ဗိုလ်ခြေအပေါင်းတို့သည်၊ အဲဂုတ္တုပြည် မှ ထွက်သွားကြ၏။
42
အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောအတွက်ကြောင့်၊ ထိုနေ့ညဉ့်ကို အထူးသဖြင့် ထာဝရဘုရား၌ စောင့်စရာကောင်း၏။ ဣသရေလအမျိုးသားတို့၏ အမျိုးအစဉ်အဆက်မပြတ်စောင့်ရသော ထာဝရဘုရား၏ ညဉ့်ကား၊ ဤသည်ညဉ့်ပေတည်း။
Settings

Reading Style

Typeface

Font Size 19px

Reading Width 90 chars

Options