Skip to content
အာမုတ်အနာဂတ္တိကျမ်း 5:16-27

အာမုတ်အနာဂတ္တိကျမ်း 5:16-27

16
ကောင်းကင်ဗိုလ်ခြေအရှင်ဘုရား သခင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ခပ်သိမ်းသောလမ်းတို့၌ မြည်တမ်းခြင်းရှိ၍ သွားလာသောသူတို့က၊ အလိုလေး၊ အလိုလေးဟု ဆိုကြလိမ့်မည်။ လယ်လုပ်သောသူသည် ညည်းတွားစေခြင်းငှါ၎င်း၊ မြည်တမ်းတတ်သောသူသည် ငိုကြွေးမြည်တမ်းစေခြင်းငှါ၎င်း ခေါ်ကြလိမ့်မည်။
17
ခပ်သိမ်းသောစပျစ်ဥယျာဉ်တို့၌လည်း မြည်တမ်းခြင်းရှိလိမ့်မည်။ အကြောင်းမူကား၊ ငါသည် သင်တို့ အလယ်၌ ရှောက်သွားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
18
ထာဝရဘုရား၏နေ့ရက်ကို တောင့်တသောသူတို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် အဘယ် အကျိုးရှိကြလိမ့်မည်နည်း။ ထာဝရဘုရား၏ နေ့ရက်သည် သင်တို့၌ လင်းသည်မဟုတ်၊ အမိုက်ဖြစ်လိမ့်မည်။
19
လူသည် ခြင်္သေ့ရှိရာမှပြေး၍ ဝံကိုတွေ့သကဲ့သို့၎င်း၊ အိမ်ထဲသို့ဝင်၍ ထရံကိုမှီစဉ် မြွေကိုက်သကဲ့သို့၎င်း ဖြစ်လိမ့်မည်။
20
ထာဝရဘုရား၏ နေ့ရက်သည်မလင်းဘဲ မိုက်လိမ့်မည်။ ထွန်းလင်းခြင်း အလျှင်းမရှိ၊ အမိုက်သက်သက် ဖြစ်လိမ့်မည်။
21
သင်တို့ စောင့်သောပွဲနေ့တို့ကို ငါမုန်း၏။ စက်ဆုပ်ရွံရှာ၏။ ခြိုးခြံစွာကျင့်သော နေ့ရက်တို့၌ ငါမမွေ့ လျော်။
22
မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ဆက်ကပ်သော်လည်း ငါလက်မခံ။ ဆူဝသော တိရစ္ဆာန် တို့ကို မိဿဟာယယဇ်ပူဇော်သော်လည်း ငါသည် ပမာဏမပြု။
23
သင်တို့သီချင်းဆိုသံကို ပယ်ရှားကြလော့။ တယောထိုးသံကို ငါနားငြီးလှ၏။
24
တရားသဖြင့် စီရင်ခြင်းကို ရေကဲ့သို့၎င်း၊ ဖြောင့်မတ်ခြင်းကို မပြတ်စီးသော မြစ်ရေကဲ့သို့၎င်း စီးစေကြ လော့။
25
အိုဣသရေလအမျိုး၊ သင်တို့သည် ယဇ်နှင့် ပူဇော်သက္ကာများကို တော၌ အနှစ်လေးဆယ်ပတ်လုံး ငါ့အား ပူဇော်ကြသလော။
26
သင်တို့ဘုရား မောလုပ်၏တဲနှင့် သင်တို့ဘုရား ခိအုန်၏ကြယ်တည်းဟူသော ကိုယ်အဘို့ လုပ်သော ပုံတို့ ကို ဆောင်ရွက်ကြပြီတကား။
27
ထိုကြောင့်၊ သင်တို့ကို ဒမာသက်မြို့တဘက်သို့သိမ်းသွားစေခြင်းငှါ ငါစီရင်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင်ဟူ၍ ဘွဲ့နာမရှိသော ထာဝရဘုရား မိန့်တော်မူ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်

Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options