Stephen အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
ထိုကြောင့်ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်၎င်း၊ ပညာနှင့်၎င်းပြည့် စုံလျက်၊ အသရေရှိသော လူခုနစ်ယောက်တို့ကို သင်တို့တွင် ရှာကြလော့။ ဤအမှု ကို ဆောင်ရွက်စေခြင်းငှါ ထိုသူတို့ကို ငါတို့သည် ခန့်ထား ကြမည်။
ထိုစကားကိုလူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့်၊ ယုံကြည်ခြင်းနှင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း ပြည့်စုံသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန၊ ယုဒဘာ သာဝင်သော အန္တိအုတ်မြို့သား နိကောလတို့ကို ရွေး ကောက်၍၊
တမန်တော်တို့ရှေ့၌ ထားကြ၏။ တမန်တော်တို့ သည်လည်း ဆုတောင်းပြီးလျှင် ထိုသူတို့၏ ခေါင်းပေါ်၌ လက်ကို တင်ကြ၏။
သတေဖန်သည် ကျေးဇူးတော်နှင့်၎င်း၊ တန်ခိုး တော်နှင့်၎င်း ပြည့်စုံသဖြင့်၊ ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို လူများရှေ့မှာပြုလေ၏။
ထိုအခါ လိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ၍၊ ကုရေနေပြည်သား၊ အာလေဇန္ဒြိပြည်သား၊ ကိလိကိပြည်သား၊ အာရှိ ပြည်သား အချို့တို့သည် ထ၍ သတေဖန်နှင့်ငြင်းခုံခြင်းကို ပြုစဉ်တွင်၊
သူဟောပြော၍သုံးစွဲသောပညာနှင့် ဝိညာဉ်တော် ကို မခံမဆီးနိုင် ကြ။
ထိုအခါဤသူသည် မောရှေကို၎င်း၊ ဘုရား သခင်ကို၎င်း လွန်ကျူး၍ ပြောသည်ကို ငါတို့ကြားရပါ ပြီဟု သက်သေခံမည့်သူတို့ကို တိတ်ဆိတ်စွာခေါ်၍ ထားကြပြီးလျှင်၊
လူများကို၎င်း၊ အကြီးအကဲ၊ ကျမ်းပြုဆရာ တို့ကို၎င်း နှိုးဆော်၍၊ သတေဖန်ထံသို့လာသဖြင့် ဘမ်းဆီး၍ လွှတ်တော်သို့ပို့ကြ၏။
မမှန်သော သက်သေခံတို့ကိုခေါ်၍၊ ဤသူသည် သန့်ရှင်းသော အရပ်ဌာနတော်နှင့် ပညတ်တရားတော်ကို လွန်ကျူး၍ အစဉ်မပြတ် ပြောဆိုလျက်နေပါ၏။
ထိုနာဇရက်မြို့သား ယေရှုသည် ဤအရပ်ဌာန တော်ကို ဖျက်ဆီး၍၊ ငါတို့အား မောရှေအပ်ပေးသော ထုံးနည်းဥပဒေကို ပြောင်းလဲစေမည်ဟု ဤသူဆိုသည်ကို အကျွန်ုပ်တို့သည် ကြားရပါပြီဟု သက်သေခံကြ၏။
လွှတ်တော်၌ ထိုင်လျက်ရှိသောသူ အပေါင်း တို့သည် သတေဖန် ကိုစေ့စေ့ကြည့်ရှုလျှင်၊ သူ၏မျက်နှာ သည် ကောင်းကင်တမန်၏မျက်နှာ ကဲ့သို့ဖြစ်သည်ဟု ထင်မှတ်ကြ၏။
ထိုစကားကိုကြားလျှင် နှလုံးကွဲပြတ်မတတ် ဖြစ်၍၊ သတေဖန်၌ အံသွားခဲကြိတ်ခြင်းကို ပြုကြလေ၏။
သူသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကို၎င်း၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ယေရှုရပ်နေသည်ကို၎င်း မြင်လျှင်၊
ကြည့်ပါ။ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ လူသားသည် ဘုရားသခင်၏လက်ျာတော်ဘက်၌ ရပ်နေသည်ကို၎င်း၊ ငါမြင်သည်ဟုဆို ၏။
ထိုသူတို့သည် ပြင်းစွာသော အသံနှင့် ဟစ်ကြော်၍ နားကိုပိတ် ဆို့လျက် သူ့ဆီသို့ညီညွတ်စွာ တဟုန်တည်းပြေး၍၊
မြို့ပြင်သို့နှင့်ထုတ်ပြီးမှ ကျောက်ခဲနှင့်ပစ်ကြ၏။ သက်သေခံ တို့သည်လည်း မိမိတို့အဝတ်ကို ရှောလု အမည်ရှိသော လုလင်၏ခြေရင်း ၌ထားကြ၏။
ကျောက်ခဲနှင့်ပစ်ကြစဉ် သတေဖန်သည် ပဌနာ ပြုလျက်၊ သခင်ယေရှု၊ အကျွန်ုပ်၏ဝိညာဉ်ကို သိမ်းယူတော်မူပါဟု လျှောက်ဆို၏။
ဒူးထောက်လျက်၊ သခင်၊ ဤသူတို့ပြုသော ဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်ဟု ကြီးသော အသံနှင့် ကြွေးကြော်ပြီးမှ ကျိန်းစက်လေ၏။ သူ့ကို ကွပ်မျက်သော အမှုကို ရှောလုသည်လည်း ဝန်ခံလျက် ရှိ၏။
ထိုအခါယေရုရှလင်မြို့၌ ရှိသော အသင်းတော် သည် ပြင်းစွာ သောညှဉ်းဆဲခြင်းကိုခံရသဖြင့် တမန်တော် တို့မှတပါး သင်းဝင်သူ အပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည်အရပ်ရပ်တို့၌ အနှံ့အပြားကွဲပြား ကြ၏။
တရားကိုရိုသေသောသူတို့သည် သတေဖန်ကို သင်္ဂြိုဟ်၍ ပြင်းစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
ကိုယ်တော်၏ သက်သေခံဖြစ်သော သတေဖန်၏ အသွေးကို သွန်းသောအခါ အကျွန်ုပ်သည် အနား၌ နေလျက်၊ ကွပ်မျက်ခြင်း အမှုကို ဝန်ခံ၍၊ ကွပ်မျက်သော သူတို့၏ အဝတ်ကိုစောင့်နေပါ၏ဟု၊