အကြောင်းအရာသို့ ကျော်သွားရန်

Gospel အကြောင်း ကျမ်းစာအခန်းငယ်များ: Called The New Covenant

23 အခန်းငယ် · 2 ရှုထောင့်

Called The New Covenant အကြောင်း အခန်းငယ်များ

  1. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်

  2. ဤလူမျိုး၏ ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တု ပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလ အမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဘူးသော ပဋိညာဉ်တရားကို သူတို့သည် ဖျက်၍၊ ငါသည်လည်း သူတို့ကို ရွံရှာ၏။

  3. နောက်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်သည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်။

  4. ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကို တယောက်ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသော သူမှစ၍ အကြီးဆုံးသောသူတိုင်အောင်၊ ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  5. ထိုမှတပါး၊ ယေရှုသည် သာ၍မြတ်သော ဂတိတော်တို့၌တည်သော၊ သာ၍မြတ်သော ပဋိညာဉ် တရား၏ အာမခံဖြစ်သည်နှင့်အညီ၊ သာ၍မြတ်သော ဝတ်ပြုခြင်း အခွင့်အရာကို ရတော်မူ၏။

  6. ပဌမပဋိညာဉ်တရားသည်၊ အပြစ်တင်ခွင့်မရှိသည် မှန်လျှင်၊ ဒုတိယပဋိညာဉ်တရား တည်ရသော အခွင့်ကို အဘယ်ကြောင့်ရှာရသနည်း။

  7. ပဌမပဋိညာဉ်တရားကို ထာဝရဘုရားသည် အပြစ်တင်၍ မိန့်တော်မူသည်ကား၊

  8. ငါသည် ဤလူမျိုး၏ ဘိုးဘေးတို့ကိုလက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေး သော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသား တို့၌ ငါပေးသော အချိန်ကာလရောက်လိမ့်မည်။ အရင် ငါပေးဘူးသော ပဋိညာဉ်တရား၌ သူတို့သည် မတည်ကြ၊ ငါသည်လည်း သူတို့ကို မကြည့်ရှုမပြုစုဘဲနေ၏။

  9. နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ့ပညတ်တို့ကို သူတို့ စိတ်ဝိညာဉ်ထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။

  10. ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကိုတယောက် ဆုံးမဩဝါဒ မပေးရကြ၊ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင် အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။

  11. ထိုအခါငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းများကို မအောက် မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  12. ပဋိညာဉ်တရားသစ်ဟူ၍ မိန့်တော်မူသည်တွင် ပဌမပဋိညာဉ်တရားကို ဟောင်းစေတော်မူ၏။ ရွေ့လျော့၍ ဟောင်းသောအရာမည်သည်ကား၊ ကွယ်ပျောက်ခြင်း သို့ရောက်လုနီးသတည်း။

  13. ပဌမတဲတော်မပျက်မှီတိုင်အောင်၊ သန့်ရှင်းရာ ဌာနသို့ သွားသောလမ်းမဖွင့်သေးသော အကြောင်းကို ထိုအမှုအရာအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အရိပ်ပေးတော်မူ၏။

  14. ထိုတဲတော်ကား၊ ပူဇော်သက္ကာနှင့် ယဇ်များကို ပူဇော်သော ကာလတည်းဟူသော မျက်မှောက်ကာလ ပတ်လုံးပုံပမာဖြစ်၏။ ထိုပူဇော်သက္ကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကိုထောက်လျှင်လည်း၊ ဝတ်ပြုသောသူအား စုံလင်ခြင်းအကျိုးကို မပေးနိုင်သည်ဖြစ်၍၊

  15. စားစရာ၊ သောက်စရာ၊ အမျိုးမျိုးသော နှစ်စရာတည်းဟူသော၊ ကိုယ်ခန္ဓာနှင့်ဆိုင်သော အထုံးအဖွဲ့များ နှင့်တကွ အသစ်ပြုပြင်ခြင်း ကာလတိုင်ရုံမျှသာ တည်ရကြ၏။

  16. ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သောတဲတော်၌၊ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊

  17. ငါတို့အဘို့ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကိုခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရေးဌာနထဲသို့ တခါတည်း ဝင်တော်မူ၏။

  18. အကြောင်းမူကား၊ အညစ်အကြေးရှိသော သူတို့ အပေါ်၌ ဖြန်းသောနွားအသွေး၊ ဆိတ်အသွေး၊ နွားမ ကလေး၏ပြာသည်၊ သူတို့ ကိုယ်ခန္ဓာ၌ စင်ကြယ်ခြင်းကို ပြုနိုင်သည်မှန်လျှင်၊

  19. ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရဝိညာဉ်တော်အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူ ပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှါ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော။

  20. ထိုကြောင့် ပဌမပဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသောအပြစ်ကိုလည်း လွတ်စေခြင်းငှါ၊ ခရစ်တော်သည် အသေခံတော်မူသည် ဖြစ်၍၊ ခေါ်တော်မူသော သူတို့သည် ဂတိတော်နှင့်ယှဉ်သော ထာဝရ အမွေကို ခံရမည်အကြောင်း၊ ထိုသခင်သည် ပဋိညာဉ်တရားသစ်၏ အာမခံဖြစ်တော်မူ၏။

  21. သင်တို့သည် ဇိအုန်တောင်သို့၎င်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့သို့၎င်း၊ အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့၎င်း၊

  22. ကောင်းကင်စာရင်း၌ဝင်သော သားဦးတို့၏ အသင်းတော်သို့၎င်း၊ ခပ်သိမ်းသောသူတို့ကို တရားစီရင် တော်မူသော ဘုရားသခင်အထံတော်သို့၎င်း၊ စုံလင်ခြင်းသို့ရောက်သောသူတော်ကောင်းတို့၏ စိတ်ဝိညာဉ်တို့ ထံသို့၎င်း၊

  23. ပဋိညာဉ်တရားသစ်၏ အာမခံတည်းဟူသော ယေရှုထံတော်သို့၎င်း၊ အာဗေလ၏ အသွေးပြောဆိုသောအရာထက်သာ၍ မြတ်သောအရာကို ပြောဆိုသော ဖြန်းဆွတ်ခြင်း၏ အသွေးထံသို့၎င်း ရောက်ကြ၏။