Skip to content

Dream အကြောင်း ကျမ်းစာအခန်းငယ်များ

15 အခန်းငယ် · 4 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. သင်တို့တွင် ပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူသည် ပေါ်လာ၍၊

  2. သင်တို့မသိသော အခြားတပါးသောဘုရားကို ဆည်းကပ်၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက်၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ်သောအမှုကို ပေး၍၊ ထိုနိမိတ် လက္ခဏာ၊ အံ့ဘွယ်သောအမှုသည် ပြည့်စုံသော်လည်း၊

  3. ထိုပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သော သူတို့၏ စကားကို နားမထောင်ရ။ အကြောင်းမူကား၊ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ချစ်သည်မချစ်သည်ကို၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် စုံစမ်းတော်မူ၏။

  4. သင်တို့၏ ဘုရားသခင် ထာဝရဘုရားနောက် တော်သို့ လိုက်ရကြမည်။ ကြောက်ရွံ့သောစိတ်နှင့် ပညတ်တော်တို့ကို စောင့်ရကြမည်။ စကားတော်ကို နားထောင်လျက် ဝတ်ပြု၍၊ ကိုယ်တော်၌ ဆည်းကပ်မှီဝဲရ ကြမည်။

  5. ကျွန်ခံနေရာအဲဂုတ္တပြည်မှ သင်တို့ကို ကယ်နှုတ် ဆောင်ယူခဲ့တော်မူသော သင်တို့၏ဘုရားသခင် ထာဝရ ဘုရားထံတော်မှလွဲစေခြင်းငှာ၎င်း၊ သင်တို့၏ဘုရား သခင် ထာဝရဘုရားသည်၊ သင်တို့လိုက်စရာဘို့ မှာထား တော်မူသောလမ်းမှ ထွက်စေခြင်းငှာ၎င်း ဟောပြော သောကြောင့်၊ ထိုပရောဖက်ပြုသူနှင့် အိပ်မက်မြင်သူ တို့သည် အသေသတ်ခြင်းကို ခံရကြမည်။ ထိုသို့ ဒုစရိုက် အပြစ်ကို သင်တို့အထဲက ပယ်ရှင်းရကြမည်။

  6. အပြည်ပြည်ကလာ၍၊ အရေလမြို့ကို စစ်တိုက် သော အလုံးအရင်း၊ အရေလမြို့နှင့် ရဲတိုက်ကိုတိုက်၍ ညှဉ်းဆဲသော သူအပေါင်းတို့သည် အိပ်မက်တည်းဟူ သော ညဉ့်ရူပါရုံကဲ့သို့ ဖြစ်ရကြလိမ့်မည်။

  7. မွတ်သိပ်သောသူသည် အိပ်မက်တွင်စားရသည် ဟုထင်သော်လည်း၊ နိုးသောအခါ အမွတ်အသိပ်မပြေသ ကဲ့သို့၎င်း၊ ရေငတ်သူသည် အိပ်မက်တွင် သောက်ရသည် ဟုထင်သော်လည်း၊ နိုးသောအခါ နွမ်းနယ်လျက်၊ တောင့် တလျက်ရှိသကဲ့သို့၎င်း၊ အပြည်ပြည်ကလာ၍၊ ဇိအုန် တောင်ကိုစစ်တိုက်သော အလုံးအရင်းသည်ဖြစ်ရလိမ့် မည်။

  8. ငါသည် အိပ်မက်မြင်ပြီ၊ အိပ်မက်မြင်ပြီဟု၊ ငါ့နာမကို အမှီပြု၍၊ မုသာဖြင့် ဟောပြောသော ပရောဖက်တို့၏ စကားကို ငါကြားပြီ။

  9. ထိုပရောဖက်တို့သည် အဘယ်မျှကာလပတ်လုံး ဤသို့ကြံစည် ကြလိမ့်မည်နည်း။ သူတို့သည် မုသာစကား ကို ဟောပြောတတ်ကြ၏။ ကိုယ်စိတ်နှလုံး လှည့်စားသည် အတိုင်း ဟောပြောတတ်ကြ၏။

  10. ဘိုးဘေးတို့သည် ဗာလကြောင့် ငါ့နာမကို မေ့လျော့သကဲ့သို့၊ သူတို့သည် အိမ်နီးချင်းတယောက်ကို တယောက်ပြောတတ်သော အိပ်မက်များအားဖြင့် ငါ၏ လူမျိုးသည် ငါ့နာမကို မေ့လျော့စေမည်ဟု အကြံရှိကြ သည်တကား။

  11. အိပ်မက်မြင်သော ပရောဖက်သည် အိပ်မက် စကားကို ပြောပါလေစေ။ ငါ၏နှုတ်ကပတ်တော်ကို ခံရ သော သူသည် နှုတ်ကပတ်စကားတော်ကို မှန်ကန်စွာ ဟောပြောပါလေစေ။ အဖျင်းသည်စပါးနှင့် အဘယ်သို့ ဆိုင်သနည်းဟု ထာဝရဘုရား မိန့်တော်မူ၏။

  12. ငါ၏ နှုတ်ကပတ်တော်သည် မီးကဲ့သို့၎င်း၊ ကျောက်ကို ထုချေသောသံတူကဲ့သို့၎င်း ဖြစ်သည်မဟုတ် လောဟု ထာဝရဘုရား မေးတော်မူ၏။

  13. သို့ဖြစ်၍၊ ငါ့စကားတော်ကို အိမ်နီးချင်း တယောက်မှတယောက်ခိုးသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

  14. မိမိတို့အလိုအလျောက် ဟောပြောလျက်နှင့် အမိန့်တော်ရှိသည်ဟုဆိုသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  15. မှားသာအိပ်မက်ကိုဟောပြော၍၊ မုသာစကား နှင့် အချည်းနှီးစကားအားဖြင့် ငါ၏လူမျိုးကိုမှားယွင်း စေသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်။ သူတို့ကို ငါမစေလွှတ်၊ မမှာထားသောကြောင့်၊ ဤလူမျိုး သည် ကျေးဇူးမရှိဟု ထာဝရဘုရား မိန့်တော်မူ၏။