God
God ကို ဖော်ပြသော အခန်းငယ်များ
အဲဂုတ္တုပြည်၌ အစေကျွန်ခံရသော သင်တို့ကို ငါလွှတ်၍ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်တို့၏ ထမ်းဘိုးကြိုးကို ငါဖြတ်၍ သင်တို့ကို တည့်မတ်စေပြီ။
သင်တို့သည် ငါ့စကားကို နားမထောင်၊ ဤပညတ်အလုံးစုံကို မစောင့်၊-
ငါ့စီရင်ထုံးဖွဲ့ချက်များကို ရွံရှာ၍၊ မထီမဲ့မြင်ပြုလျက်၊ ငါ့ပညတ်တရားကိုမကျင့်၊ ငါ့ပဋိညာဉ်သစ္စာကို ဖျက်လျှင်၊-
သင်တို့၌ ငါပြုလတံ့သောအမှုဟူမူကား၊ သင်တို့၌ မျက်စိပျက်လျက်၊ စိတ်ပူပန်လျက် ရှိစေခြင်းငှါ၊ ထိတ်လန့်သော သဘော၊ တူလာ၊ ဖျားနာတို့ကို သင်တို့အပေါ်မှာ ငါခန့်ထားမည်။ သင်တို့သည် မျိုးစေ့ကို ကြဲသော်လည်း အကျိုးမရှိ။ ရန်သူတို့သည် အသီးအနှံကို စားကြလိမ့်မည်။
သင်တို့ကို ငါ မျက်နှာထား၍၊ ရန်သူရှေ့မှာ ဆုံးစေမည်။ သင်တို့သည် ရန်သူ၏ အုပ်စိုးခြင်းကို ခံရ၍၊ အဘယ်သူမျှ မလိုက်သော်လည်း၊ ပြေးကြလိမ့်မည်။
ထိုမျှလောက် ခံရသော်လည်း၊ ငါ့စကားကို နားမထောင်ဘဲ နေသေးလျှင်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသော ဒဏ်ကို ငါပေးဦးမည်။
သင်တို့ မာနအစွယ်ကို ငါချိုးမည်။ မိုဃ်းကောင်းကင်ကို သံကဲ့သို့၎င်း၊ မြေကြီးကို ကြေးဝါကဲ့သို့၎င်း၊ ငါဖြစ်စေသဖြင့်၊
သင်တို့သည် ငါ့စကားကို နားမထောင်၊ ငါ့ကို ဆန့်ကျင်ဘက်ပြုလျှင်၊ သင်တို့အပြစ်အလျောက် ခုနစ်ဆ သောဘေးကြီးကို ငါသက်ရောက်စေမည်။
သင်တို့၏ သားသမီးများကို ချီသွား၍၊ သင်တို့၏ တိရစ္ဆာန်များကို ဖျက်ဆီးလျက်၊ သင်တို့ကို နည်းစေခြင်း ငှါ၊ သားရဲများကို ငါစေလွှတ်သဖြင့်၊ သင်တို့သွားရာ လမ်းမတို့သည် လူဆိတ်ညံရာ ဖြစ်ကြလိမ့်မည်။
ထိုသို့ ခံရသော်လည်း၊ သင်တို့သည် သတိမရ၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင်၊-
ငါသည်လည်း သင်တို့ကို ဆန့်ကျင်ဘက်ပြု၍၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသော ဒဏ်ကို ပေးဦးမည်။
ငါ့ပဋိညာဉ်ဘက်၌ နေ၍၊ တရားစီရင်ရသော ထားဘေးကိုသင်တို့အပေါ်မှာ ငါသက်ရောက်စေမည်။ သင်တို့သည် မြို့ထဲ၌၊ စုဝေးသောအခါ၊ ကာလနာဘေးကို ငါစေလွတ်၍၊ ရန်သူလက်သို့ ရောက်စေမည်။
သင်တို့၏ အစာအာဟာရ အထောက်အပင့်ကို ငါ ပယ်ရှားသောအခါ၊ မိန်းမတကျိပ်တို့သည် သင်တို့၏ မုန့်ကို မီးဖိုတဖို၌ ဖုတ်ပြီးမှ၊ ထိုမုန့်ကို ချိန်ပေးသဖြင့် သင်တို့သည် ဝစွာမစားရကြ။
ထိုမျှလောက် ခံရသော်လည်း၊ ငါ့စကားကို နားထောင်၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင်၊-
ငါသည်လည်း အမျက်ထွက်၍ သင်တို့ကို ဆန့်ကျင်ဘက်ပြုသဖြင့်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆ သော ဒဏ်ကို ပေးဦးမည်။-
သင်တို့မြင့်သော အရပ်များကို ငါဖြိုဖျက်၍၊ ရုပ်တုဆင်းတုများကို ခုတ်လှဲမည်။ သင်တို့ အသေကောင် များကို၊ ရုပ်တုဆင်းတု အသေကောင်အပေါ်မှာ ပစ်ချ၍၊ သင်တို့ကို စက်ဆုပ်ရွံရှာမည်။
သင်တို့မြို့များကို ငါဖျက်ဆီး၍၊ သန့်ရှင်းရာဌာနတော်ကို သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်တို့ နံ့သာ ပေါင်း အမွှေးအကြိုင်ကို ငါမနမ်း။
တပြည်လုံးကို ငါသုတ်သင် ပယ်ရှင်းသော အမှုကို၊ ထိုပြည်၌နေသော သင်တို့၏ ရန်သူတို့သည် မြင်၍ မိန်းမောတွေဝေကြလိမ့်မည်။
သာသနာပလူတို့တွင် သင်တို့ကို အရပ်ရပ် ငါကွဲပြားစေ၍၊ ထားမိုးလျက် လိုက်မည်။ သင်တို့ပြည် သည်လည်း လူဆိတ်ညံလျက်၊ မြို့သည်လည်း ပျက်စီးလျက်ရှိလိမ့်မည်။
ရန်သူပြည်မှာ ကျန်ကြွင်းသော သင်တို့ စိတ်နှလုံးထဲသို့၊ ထိတ်လန့်သော သဘောကို ငါပေးသွင်းသဖြင့်၊ သစ်ရွက်လှုပ်သံကြောင့် သင်တို့သည် ကြောက်၍၊ ထားဘေးမှ ပြေးသကဲ့သို့ ပြေးကြလိမ့်မည်။ အဘယ် သူမျှ မလိုက်သော်လည်း လဲကြလိမ့်မည်။
သို့ရာတွင် သူတို့သည် ငါ့ကို ပြစ်မှား၍၊ ငါ့ကို ဆန့်ကျင်ဘက်ပြုသောကြောင့်၊-
ငါသည် သူတို့ကို ဆန့်ကျင်ဘက်ပြု၍ ရန်သူပြည်သို့ ပို့ဆောင်သော အကြောင်းများနှင့်တကွ၊ ကိုယ် အပြစ်၊ ဘိုးတတို့ အပြစ်များကို ဘော်ပြတောင်းပန်လျှင်၎င်း၊ အရေဖျားလှီးခြင်းကို မခံသော မိမိတို့ နှလုံးကို နှိမ့်ချ၍၊ မိမိတို့အပြစ်ကြောင့် ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊-
ငါသည် ယာကုပ်နှင့်ပြုသော ပဋိညာဉ်၊ ဣဇာက်နှင့်ပြုသော ပဋိညာဉ်၊ အာဗြတံနှင့်ပြုသော ပဋိညာဉ်ကို ၎င်း၊ ထိုပြည်ကို၎င်း ငါအောက်မေ့မည်။
ထိုပြည်သည် သူတို့ လက်မှလွတ်၍၊ သူတို့မရှိဘဲ လူဆိတ်ညံလျက်နေစဉ်တွင် မိမိဥပုသ်နေ့တို့၌ မွေ့လျော်လိမ့်မည်။ သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်များကို ရွံရှာ၍ မထီမဲ့မြင် ပြုသောအပြစ်ကြောင့်၊ ခံရသောဒဏ်ကို ဝန်ခံရကြလိမ့်မည်။
သို့ရာတွင် ရန်သူပြည်၌ နေကြသောအခါ၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ သူတို့နှင့်ငါပြုသော ပဋိညာဉ်ကို ပယ်သည်တိုင်အောင် သူတို့ကို ငါမစွန့်ပစ် မရွံရှာ။ ငါသည် သူတို့၏ ဘုရားခင်ထာဝရဘုရား ဖြစ်၏။