Skip to content
ရှင်မာကုခရစ်ဝင် 4:22-41

ရှင်မာကုခရစ်ဝင် 4:22-41

22
ဆိတ်ကွယ်ရာ၌ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက်ရှိသမျှတို့သည်လည်း ပွင့်လင်းလိမ့် မည်။
23
ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေ။
24
ထိုမှတပါး သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်တိုင်ခံရကြမည်။
25
အကြင်သူသည် ရတတ်၏၊ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည်။
26
ထိုမှတပါး လူသည် လယ်၌ မျိုးစေ့ကြဲပြီးမှ နောက်တဖန် မိမိမကြည့်မမှတ်၊
27
ညဉ့်၊ နေ့၊ အိပ်လျက် ၊ နိုးလျက်နေသော်လည်း အပင်ပေါက်၍ ကြီးပွားသည်နှင့် ဘုရားသခင်၏နိုင်ငံ တော်တူ၏။
28
မြေကြီးသည် မိမိအလိုအလျောက်အသီးကိုသီးစေ၍ ရှေ့ဦးစွာ အညှောက်၊ ထိုနောက်အနှံ၊ ထိုနောက် အနှံထဲမှာ အောင်မာသောအဆန်ကို ဖြစ်စေတတ်၏။
29
အသီးမှည့်၍ ရိတ်ချိန်ရောက်သောအခါ၊ လယ်ရှင်သည် မဆိုင်းမလင့်၊ တံစဉ်နှင့် ရိတ်စေတတ် သည်ဟု မိန့်တော်မူ၏။
30
ထိုမှတပါး ဘုရားသခင်၏နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။ အဘယ်ဥပမာနှင့် ခိုင်းနှိုင်းရအံ့ နည်းဟူမူကား၊
31
မုန်ညင်းစေ့နှင့်တူ၏။ မုန်ညင်းစေ့သည် မြေ၌စိုက်သောအခါ မြေ၌ရှိသော အစေ့တကာတို့ထက် ငယ် သော်လည်း၊ စိုက်ပြီးမှ အပင်ပေါက်၍၊
32
မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့သည် အရိပ်ခို၍ နားနေလောက် သော အကိုင်းအခက်ကြီးတို့ကိုဖြစ်စေတတ်သည်ဟု မိန့်တော်မူ၏။
33
ထိုသို့သော ဥပမာစကားများအားဖြင့် ကိုယ်တော်သည် ပရိသတ်များနားထောင်နိုင်သည်အတိုင်း တရားဟောတော်မူ၏။
34
ဥပမာကင်း၍ ဟောပြောတော်မမူ။ ရှိသမျှသောအရာတို့ကို ဆိတ်ကွယ်ရာအရပ်၌ တပည့်တော်တို့ အား ဖွင့်ပြတော်မူ၏။
35
ထိုနေ့ညအချိန်၌ ကိုယ်တော်က၊ ကမ်းတဘက်သို့ ကူးကြကုန်အံ့ဟု မိန့်တော်မူလျှင်၊
36
တပည့်တော်တို့သည် လူစုဝေးရာမှထွက်၍ လှေပေါ်၌ရှိနှင့်သော ကိုယ်တော်ပါလျက် သွားကြ၏။ အခြားလှေတို့လည်း ပါသေး၏။
37
ထိုအခါ ပြင်းစွာသောမိုဃ်းသက်မုန်တိုင်းဖြစ်၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည် ရေနှင့် ပြည့် လေ၏။
38
ကိုယ်တော်သည် ပဲ့၌ ခေါင်းအုံးပေါ်မှာ ကျိန်းစက်၍နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော် ကို နှိုးပြီးမှ၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ ရောက်သည်ကို လျစ်လျူသောစိတ်ရှိတော်မူ သ လောဟု လျှောက်ကြသော်၊
39
ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာ နေဟုလေနှင့် ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည် ငြိမ်၍ အလွန်သာယာလေ၏။
40
ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက်ကြောက်တတ်သနည်း။ အဘယ် ကြောင့် ယုံကြည်ခြင်းစိတ်နှင့် ကင်းသနည်းဟု မေးတော်မူလျှင်၊
41
သူတို့သည် အလွန်ကြောက်ရွံ့၍ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့် ပင်လယ်သည် သူ၏ စကားကို နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options