အကြောင်းအရာသို့ ကျော်သွားရန်
ရှင်လုကာခရစ်ဝင် 14:7-24

ရှင်လုကာခရစ်ဝင် 14:7-24

7
ထိုအခါ ခေါ်ဘိတ်သောသူတို့သည် မြင့်မြတ်သောနေရာထိုင်ရာကို ရွေးကြသည်ကို မြင်တော်မူလျှင်၊ သူတို့အား ဥပမာကို မိန့်တော်မူသည်ကား၊
8
သူတပါးသည် မင်္ဂလာဆောင်ပွဲသို့ သင့်ကိုခေါ်ဘိတ်သောအခါ၊ မြင့်မြတ်သောနေရာ၌ မလျောင်းနှင့်။ ထိုသို့ လျောင်းလျှင် သင့်ထက်သာ၍ မြတ်သောသူသည် ပွဲသို့လာသည်ရှိသော်၊
9
သင်တို့နှစ်ယောက်ကို ခေါ်ဘိတ်သောသူက၊ ဤသူအား နေရာကိုပေးလော့ဟုလာ၍ ပြောလိမ့်မည်။ ထိုအခါ သင်သည် ရှက်ကြောက်ခြင်းနှင့် နိမ့်သောနေရာသို့ ဆင်းရလိမ့်မည်။
10
သူတပါးတို့သည် သင့်ကို ခေါ်ဘိတ်သောအခါ၊ သွား၍နိမ့်သောနေရာ၌ လျောင်းလော့။ ထိုသို့လျောင်း လျှင် သင့်ကိုခေါ်ဘိတ်သောသူ လာသည်ရှိသော်၊ အဆွေ၊ တက်ပါဟုသင့်ကိုဆိုလိမ့်မည်။ ထိုအခါ သင်နှင့် အတူ လျောင်းသောသူတို့ရှေ့မှာ သင်၏အသရေထင်ရှားလိမ့်မည်။
11
ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသော သူမည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတံ့ဟု မိန့်တော်မူ၏။
12
ကိုယ်တော်ကို ခေါ်ပင့်သောသူအား တဖန်မိန့်တော်မူသည်ကား၊ သင်သည် နံနက်စာ၊ ညစာလုပ် ကျွေးသောအခါ၊ အဆွေခင်ပွန်း၊ ညီအစ်ကိုအမျိုးသားချင်း၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဘိတ် နှင့်။ ထိုသို့ ခေါ်ဘိတ်လျှင်၊ သူတို့သည် နောက်တဖန် သင့်ကိုခေါ်ဘိတ်၍ ကျေးဇူးဆပ်ကြလိမ့်မည်။
13
သင်သည် ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါ ချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသော သူများကို ခေါ်ဘိတ်လော့။
14
ထိုသို့ခေါ်ဘိတ်လျှင် မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည် ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ထမြောက်သည် ကာလ၌ သင်သည် ကျေးဇူးဆပ်ခြင်းအကျိုးကို ခံရလတံ့ ဟု မိန့်တော်မူ၏။
15
စားပွဲ၌ လျောင်းသော သူတယောက်သည် ထိုစကားတော်ကို ကြားလျှင်၊ ဘုရားသခင်၏နိုင်ငံတော်၌ ပွဲဝင်သောသူသည် မင်္ဂလာရှိ၏ဟု လျှောက်သော်၊
16
ကိုယ်တော်က၊ လူတဦးသည် ကြီးစွာသောပွဲကို စီရင်၍၊ လူများတို့ကို ခေါ်ဘိတ်လေ၏။
17
ပွဲခံချိန်ရောက်သောအခါ၊ ခေါ်ဘိတ်သောသူတို့ကို၊ လာကြပါ။ အလုံးစုံတို့သည် အသင့်ရှိပြီဟု မှာ၍ အစေအပါးကို စေလွှတ်၏။
18
ခေါ်အပ်သော သူအပေါင်းတို့သည် တညီတညွတ်တည်းပရိယာယ်ပြုကြ၏။ တယောက်က၊ အကျွန်ုပ် သည် မြေရာကို ဝယ်ပါပြီ။ သွား၍ ကြည့်ရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။
19
တယောက်က အကျွန်ုပ်သည် နွားငါးယဉ်ကို ဝယ်ပါပြီ။ သွား၍ စမ်းရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦး လော့ဟု တောင်းပန်လေ၏။
20
တယောက်က၊ အကျွန်ုပ်သည် မယားနှင့် လက်ထပ်ပါပြီ။ ထိုကြောင့် အကျွန်ုပ်မလာနိုင်ပါဟုဆို၏။
21
အစေအပါးသည် သခင့်ထံသို့ပြန်လာ၍ ထိုအကြောင်းများကိုလျှောက်လေ၏။ ထိုအခါ အိမ်ရှင် သည် အမျက်ထွက်၍၊ မြို့လမ်းမလမ်းကြားသို့ အသော့သွားချေ။ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေ မစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်သွင်းချေဟု အစေအပါးကို ဆို၏။
22
အစေအပါးကလည်း၊ သခင်စီရင်တော်မူသည်အတိုင်းပြုပါပြီ။ သို့သော်လည်း လပ်သောနေရာထိုင်ရာ ရှိပါသေးသည်ဟု လျှောက်လေသော်၊
23
သခင်က၊ မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှါ အနိုင်အထက် ခေါ်သွင်း လော့။
24
အထက်က ခေါ်ဘိတ်သောသူတယောက်မျှ ငါ့ပွဲသို့ မဝင်ရ၊ ငါအမိန့်ရှိပြီဟု အစေအပါးကို ဆိုသည်ဟု မိန့်တော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options