Skip to content
ရှင်လုကာခရစ်ဝင် 11:15-39

ရှင်လုကာခရစ်ဝင် 11:15-39

15
အချို့တို့က ဤသူသည် နတ်ဆိုးမင်း ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။
16
အချို့တို့သည်လည်း၊ စုံစမ်းနှောက်ယှက်ခြင်းငှါ မိုဃ်းကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။
17
ထိုသူတို့၏စိတ်ကို သိတော်မူသည်ဖြစ်၍၊ တိုင်းနိုင်ငံမည်သည်ကား၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ရောက်လိမ့်မည်၊ အိမ်မည်သည်ကား၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင်လဲလိမ့်မည်။
18
ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟု သင်တို့ဆိုသည်အတိုင်း၊ စာတန် သည် မိမိနှင့် မသင်မတင့်ကွဲပြားလျှင် သူ၏နိုင်ငံသည် အဘယ်သို့တည်နိုင်မည်နည်း။
19
ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ သင်တို့၏သားတို့သည် အဘယ်သူကိုအမှီပြု၍ နှင်ထုတ်ကြသနည်း။ထိုကြောင့် သူတို့သည် သင်တို့အားတရားစီရင်သောသူဖြစ်ကြ လိမ့်မည်။
20
ငါသည် ဘုရားသခင်၏ လက်ညိုးတော်အားဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ် သင်တို့၌ ဘုရားသခင်၏နိုင်ငံတော်တည်ချိန် ရောက်လေပြီ။
21
သူရဲသည် လက်နက်စုံနှင့် မိမိအိမ်ဦး၌ စောင့်နေစဉ်အခါ သူ၏ဥစ္စာသည် လုံခြုံစွာရှိ၏။
22
သူ့ထက် တတ်စွမ်းနိုင်သောသူသည်လာ၍ သူ့ကိုအောင်ပြီးမှ၊ သူကိုးစားသော လက်နက်စုံကို သိမ်း ယူ၍ ဥစ္စာပရိကံများကို ခွဲဝေလိမ့်မည်။
23
ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန့်သောသူ ဖြစ်၏။
24
ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင်၊ ခြောက်ကပ်သောအရပ်တို့၌လည်၍ ငြိမ်သက်ခြင်းကို ရှာတတ်၏။ မတွေ့လျှင်၊ ငါသည်ထွက်ခဲ့သော နေမြဲအိမ်သို့ပြန်ရဦးမည်ဟုဆို၍၊
25
ရောက်သောအခါ၊ ထိုအိမ်သည် သုတ်သင်ပြင်ဆင်လျက်ရှိသည်ကို တွေ့သော်၊
26
မိမိထက်သာ၍ ညစ်ညူးသောနတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍ နေကြ၏၊ ထို လူ၏နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ၍ ဆိုးသည်ဟု မိန့်တော်မူ၏။
27
ထိုသို့မိန့်တော်မူစဉ်တွင် မိန်းမတယောက်သည် လူအစုအဝေးထဲကခေါ်၍ ကိုယ်တော်ကို လွယ်သော ဝမ်းနှင့် စို့တော်မူသောသားမြတ်သည် မင်္ဂလာရှိပါ၏ဟု လျှောက်လျှင်၊
28
ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နာ၍ကျင့်စောင့်သောသူသည် မြတ်စွာ သော မင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။
29
လူအစုအဝေးတို့သည် ထူထပ်လျက်ရှိကြသောအခါ ကိုယ်တော်က၊ ဤလူမျိုးသည် ဆိုးညစ်သောအမျိုး ဖြစ်၏။ နိမိတ်လက္ခဏာကို တောင်းသည်မှာ ပရောဖက်ယောန၏ နိမိတ်လက္ခာမှတပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ။
30
ယောနသည် နိနေဝေမြို့သားတို့အား နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူသားသည် ဤလူမျိုးအား ဖြစ်လိမ့်မည်။
31
တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသောမိဖုရားသည် ဤလူမျိုးတဘက်၌ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား။ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ ပညာစကားကို နားထောင်ခြင်းငှါ မြေကြီးစွန်းမှလာ၏။ ဤအရပ်၌ကား၊ ရှောလမုန်ထက်သာ၍ ကြီးမြတ်သောသူရှိ၏။
32
တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုးတဘက်၌ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုသူတို့သည် ယောန ဟောပြောသော စကားကြောင့် နောင်တရကြ၏။
33
ဤအရပ်၌ကား ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။ ဆီမီးထွန်း၍ ကွယ်ရာ၌ဖုံးထားလေ့မရှိ။ တောင်းဇလားအောက်၌လည်း ထားလေ့မရှိ။ ဝင်လာသောသူသည် အလင်းကိုရစေခြင်းငှါ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။
34
ကိုယ်၏ဆီမီးကား၊ မျက်စိတည်း။ ထိုကြောင့် မျက်စိကြည်လင်သောအခါ တကိုယ်လုံးလင်းလိမ့်မည်။ မျက်စိမြှေးရှက်သောအခါ တကိုယ်လုံးမိုက်လိမ့်မည်။
35
ကိုယ်၌ရှိသောအလင်းကို မှောင်မိုက်မဖြစ်စေခြင်းငှါ သတိပြုလော့။
36
အင်္ဂါတခုမျှမမိုက်ဘဲ တကိုယ်လုံးလင်းလျှင်၊ ဆီမီး၏အရောင်နှင့် လင်းစေသကဲ့သို့ လုံးလုံးလင်းလျက် ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
37
ထိုသို့မိန့်တော်မူစဉ်တွင် ဖရိရှဲတယောက်သည် အစာကိုသုံးဆောင်တော်မူစေခြင်းငှါ ကိုယ်တော်ကို ခေါ်ပင့်လျှင်၊ သူ၏အိမ်သို့ကြွ၍ စားပွဲ၌ လျောင်းတော်မူ၏။
38
အစာကိုမစားမှီ ဆေးခြင်းကို ပြုတော်မမူသည်ကို ဖာရိရှဲသည်မြင်လျှင် အံ့ဩလေ၏။
39
သခင်ဘုရားကလည်း၊ ဖာရိရှဲဖြစ်သော သင်တို့သည် ဖလား၊ လင်ပန်းကိုအပြင်၌ ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ ဆိုးညစ်ခြင်းနှင့် ပြည့်လျက်ရှိ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options