တရားသူကြီးမှတ်စာ 16:1-10
1
နောက်တဖန် ရှံဆုန်သည် ဂါဇမြို့သို့ သွား၍ ပြည်တန်ဆာမိန်းမကို တွေ့ပြီးလျှင် သူ့ဆီသို့ ဝင်၍ နေ၏။
2
ရှံဆုန်ရောက်ကြောင်းကို ဂါဇမြို့သားတို့သည် ကြားလျှင် ဝိုင်းထားလျက်၊ မြို့တံခါးဝ၌ တညဉ့်လုံး ချောင်းမြောင်းလျက်၊ နံနက်မိုဃ်းလင်းသောအခါ သူ့ကို သတ်မည်ဟု ဆို၍ တညဉ့်လုံး ငြိမ်သက်စွာ နေကြ၏။
3
ရှံဆုန်သည် သန်းခေါင်တိုင်အောင် အိပ်ပြီးမှ၊ သန်းခေါင်အချိန်၌ ထ၍ မြို့တံခါးရွက်တို့ကို၊ တံခါးတိုင် ကန့်လန့်ကျင်နှင့်တကွ ယူ၍ ပခုံးပေါ်မှာ တင်လျက် ထမ်းသွား၍၊ ဟေဗြုန်မြို့ရှေ့၊ တောင်ပေါ်၌ ပစ်ထားလေ၏။
4
နောက်တဖန် စောရက်ချိုင့်၌နေသော ဒေလိလအမည်ရှိသော မိန်းမတယောက်ကို ချစ်ပြန်၏။
5
ဖိလိတ္တိမင်းတို့သည် ထိုမိန်းမဆီသို့ လာ၍၊ ရှံဆုန်၌ ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သနည်း၊ သူ့ကို ချည်နှောင်၍ နှိပ်စက်ခြင်းငှါ အဘယ်သို့ တတ်နိုင်မည်နည်းဟု သူ့ကို ချော့မော့၍ စူးစမ်းပါ။ ငါတို့သည် ဝိုင်း၍ ငွေဆယ်တပိဿာကို ပေးမည်ဟု ဆိုကြ၏။
6
ဒေလိလကလည်း၊ သင်၌ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကို၎င်း၊ သင့်ကို နှိပ်စက်ခြင်းငှါ အဘယ်သို့ ချည်နှောင်ရမည်ကို၎င်း ပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊
7
ရှံဆုန်က၊ တခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းနှင့် ငါ့ကို ချည်နှောင်လျှင် ငါ၌ ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။
8
ထိုအခါ ဖိလိတ္တိမင်းတို့သည် တခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းတို့ကို ယူခဲ့၍၊ ထိုမိန်းမသည် ရှံဆုန်ကို ချည်နှောင်လေ၏။
9
ယောက်ျားအချို့တို့သည် ထိုမိန်းမ၏ အိပ်ခန်းထဲမှ ချောင်းမြောင်းလျက် နေသည်ဖြစ်၍ မိန်းမက၊ ရှံဆုန်၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော်၊ သူသည် မီးထိသော ပိုက်ဆန်ချည်ကဲ့သို့ ထိုကြိုးတို့ကို ဖြတ်လေ၏။ သို့ဖြစ်၍ သူ၏ခွန်အားကို မသိရကြ။
10
ဒေလိလကလည်း၊ သင်သည် ငါ့ကို ကျီစား၍ မုသာကိုသာ ပြောပြီ။ သင့်ကို အဘယ်သို့ ချည်နှောင် ရမည်ကို ယခုပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings