Skip to content
တရားသူကြီးမှတ်စာ 1:8-20

တောင်ပိုင်း၌ ယုဒအနွယ် ဆင်နွှဲသော စစ်ပွဲများ

တရားသူကြီးမှတ်စာ 1:8-20
8
ယုဒအမျိုးသားတို့သည် ယေရုရှလင်မြို့ကို တိုက်ယူ၍ ထားနှင့် လုပ်ကြံပြီးမှ မီးရှို့ကြ၏။
9
ထိုနောက် တောင်ပေါ်၌၎င်း၊ တောင်မျက်နှာ၌၎င်း၊ ချိုင့်ထဲ၌၎င်းနေသော ခါနနိလူတို့ကို အတိုက်သွား ကြ၏။
10
တဖန် ယုဒအမျိုးသည်၊ ကိရယသာဘအမည်ဟောင်းရှိသော ဟေဗြုန်မြို့၌နေသော ခါနနိလူတို့ ရှိရာသို့ ချီသွား၍၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို လုပ်ကြံကြ၏။
11
တဖန် ကိရယဿေဖါအမည်ဟောင်းရှိသော ဒေဗိရမြို့သားတို့ရှိရာသို့ ချီပြန်၍၊
12
ကာလက်က၊ ကိရယဿေဖာမြို့ကို တိုက်ယူလုပ်ကြံသောသူအား၊ ငါသည် သမီးအာခသကို ပေးစားမည်ဟု ဆိုလျှင်၊
13
ကာလက်ညီကေနတ်၏ သားဩသံယေလသည် ထိုမြို့ကို တိုက်ယူ၍၊ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။
14
ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တကွက်ကို အဘ၌ တောင်းခြင်းငှါ လင်နှင့် တိုင်ပင်ပြီးမှ မြည်းပေါ်က ဆင်းလေ၏။ အဘကာလက်က၊ အဘယ်အလိုရှိသနည်းဟုမေးလျှင်၊
15
သမီးက၊ ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။
16
မောရှေယောက္ခမ၏သားမြေးဖြစ်သော ကေနိအမျိုးသားတို့သည်၊ ယုဒအမျိုးသားတို့နှင့်အတူ စွန်ပလွံ မြို့မှ အာရဒ်မြို့ တောင်ဘက်၊ ယုဒတောသို့ လိုက်သွား၍ နေရာကျကြ၏။
17
တဖန် ယုဒသည် အစ်ကိုရှိမောင်နှင့်အတူ သွား၍ ဇေဖတ်မြို့၌နေသော ခါနနိလူတို့ကို လုပ်ကြံ၍ မြို့ကို ရှင်းရှင်းဖျက်ဆီးပြီးလျှင်၊ ထိုမြို့ကို ဟော်မာအမည်ဖြင့် သမုတ်ကြ၏။
18
ယုဒသည် ဂါဇမြို့နှင့် မြို့နယ်၊ အာရှကေလုန်မြို့နှင့် မြို့နယ်၊ ဧကြုန်မြို့နှင့် မြို့နယ်တို့ကိုလည်း တိုက်ယူလေ၏။
19
ထာဝရဘုရားသည် ယုဒနှင့်အတူရှိတော်မူ၍၊ သူသည် တောင်ပေါ်မှာနေသော သူတို့ကို နှင်ထုတ်လေ၏။ ချိုင့်သားတို့ကို မနှင်ထုတ်နိုင်။ အကြောင်းမူကား၊ သူတို့သည် သံရထား ရှိကြ၏။
20
မောရှေမှာထားသည်အတိုင်း ဟေဗြုန်မြို့ကို ကာလက်အား ပေးကြ၍၊ သူသည် အာနက သားသုံးယောက်တို့ကို ထိုမြို့မှ နှင်ထုတ်လေ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options