တရားသူကြီးမှတ်စာ 1:21-36
21
ဗင်္ယာမိန်အမျိုးသားတို့သည်၊ ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကို မနှင်ထုတ်ဘဲ၊ သူတို့သည် ယနေ့တိုင်အောင် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။
22
ယောသပ်အမျိုးသားတို့သည်လည်း၊ ဗေသလမြို့သို့ ချီသွား၍၊ ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ၏။
23
လုဇအမည်ဟောင်းရှိသော ထိုမြို့ကို စူးစမ်းစေခြင်းငှါ စေလွှတ်သော သူလျှိုတို့သည်၊
24
မြို့ထဲက ထွက်လာသောလူတယောက်ကို တွေ့မြင်၍၊ မြို့ထဲသို့ ဝင်သောလမ်းကို ပြပါတော့။ သို့ပြလျှင် သင့်ကို ချမ်းသာပေးမည်ဟု ဆိုသော်၊
25
ထိုသူသည် မြို့ထဲသို့ ဝင်သောလမ်းကို ပြသဖြင့်၊ သူတို့သည် မြို့သားတို့ကို ထားနှင့် လုပ်ကြံ၍၊ ထိုလူနှင့် သူ၏အိမ်သားအပေါင်းတို့ကို လွှတ်ကြ၏။
26
ထိုသူသည် ဟိတ္တိပြည်သို့ သွားပြီးလျှင်၊ မြို့ကို တည်ထောင်၍ လုဇအမည်ဖြင့် သမုတ်လေ၏။ ယနေ့ တိုင်အောင် ထိုသို့ ခေါ်ဝေါ်ကြသတည်း။
27
မနာရှေအမျိုးသည်၊ ဗက်ရှန်မြို့ရွာများ၊ တာနက်မြို့ရွာများ၊ ဒေါရမြို့ရွာများ၊ ဣဗလံမြို့ရွာများ၊ မေဂိဒ္ဒေါမြို့ရွာများ၌ နေသောသူတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့သည် အနိုင်နေကြ၏။
28
တဖန် ဣသရေလအမျိုးသားတို့သည် အားကြီးသောအခါ၊ ခါနနိလူတို့ကို မနှင်ထုတ်သော်လည်း အခွန်ကို ဆက်သွင်းစေကြ၏။
29
ထိုအတူ ဧဖရိမ်အမျိုးသည် ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ဂေဇာမြို့၌ ရောနှောလျက် နေကြ၏။
30
ထိုအတူ ဇာဗုလုန်အမျိုးသည် ကိတရုန်မြို့သား၊ နဟာလောလမြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့ သည် ရောနှောလျက်နေ၍၊ အခွန်ပေးကြ၏။
31
ထိုအတူ အာရှာအမျိုးသည် အက္ခောမြို့သား၊ ဇိဒုန်မြို့သား၊ အာလပ်မြို့သား၊ အာခဇိပ်မြို့သား၊ ဟေလဗမြို့သား၊ အာဖိတ်မြို့သား၊ ရဟောဘမြို့သားတို့ကို မနှင်ထုတ်ဘဲ၊
32
အာရှာအမျိုးသားတို့သည် ပြည်သား ခါနနိလူတို့နှင့် ရောနှော၍ နေကြ၏။
33
ထိုအတူ နဿလိအမျိုးသည် ဗက်ရှေမက်မြို့သား၊ ဗေသနတ်မြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ပြည်သားခါနနိလူတို့နှင့် ရောနှော၍ နေကြ၏။ သို့ရာတွင် ဗက်ရှေမက်မြို့သား၊ ဗေသနတ်မြို့သားတို့ သည် အခွန်ပေးလျက် နေကြ၏။
34
အာမောရိလူတို့သည်လည်း ဒန်အမျိုးသားတို့ကို တောင်ပေါ်သို့ နှင်သဖြင့်၊ ချိုင့်ထဲမှာ နေရသောအခွင့်ကို မပေးကြ။
35
အာမောရိလူတို့သည် ဟေရက်တောင်ပေါ်မြို့၊ အာဇလုန်မြို့၊ ရှာလဗိမ်မြို့၌ အနိုင်နေကြ၏။ သို့ရာတွင် ယောသပ်အမျိုးသားတို့သည် အားကြီးသဖြင့် အာမောရိလူတို့သည် အခွန်ပေးရကြ၏။
36
အာမောရိလူနေရသောအရပ်သည် အကရဗ္ဗိမ်ကုန်းနား၊ သေလမြို့မှစ၍ အထက်အရပ်ပေတည်း။
Settings