Skip to content
ထွက်မြောက်ရာကျမ်း 25:10-30

ထွက်မြောက်ရာကျမ်း 25:10-30

10
အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာ၊ စောက်တတောင်ထွာရှိသော သေတ္တာကို၊ အကာရှသား နှင့်လုပ်၍၊ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့် မွမ်းမံရမည်။
11
သေတ္တာအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည်။
12
ရွှေလေးကွင်းကို သွန်း၍၊ သေတ္တာလေးထောင့်၌ တမျက်နှာ နှစ်ကွင်းစီ တပ်ရမည်။
13
အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊
14
သေတ္တာထမ်းစရာဘို့ တဘက်တချက် ရွှေကွင်းထဲသို့ လျှိုထားရမည်။
15
ထိုထမ်းဘိုးကိုလည်း သေတ္တာရွှေကွင်းထဲက မနှုတ်အစဉ် ရှိစေရမည်။
16
ငါပေးသော သက်သေခံချက်ကို၊ ထိုသေတ္တာထဲမှာ ထားရမည်။
17
အလျားနှစ်တောင်ထွာ၊ အနံတတောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေနှင့်လုပ်ရမည်။
18
ရွှေခေရုဗိမ်နှစ်ပါးကိုလည်း သေတ္တာအဖုံးတွင် အလျားတဘက်တချက်၌ ထုလုပ်ရမည်။
19
ထိုခေရုဗိမ်နှစ်ပါးကို သေတ္တာဖုံး ကိုယ်ထဲကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီ လုပ်ပြီးလျှင်၊
20
ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကို ရှုလျက်၊ မိမိအတောင်ကို ဖြန့်၍ သေတ္တာဖုံးကို မိုးရမည်။
21
သေတ္တာအဖုံးကို သေတ္တာပေါ်မှာ တင်ရမည်။ ငါပေးသော သက်သေခံချက်ကိုလည်း သေတ္တာထဲမှာ ထားရမည်။
22
ထိုအရပ်၌ ငါသည် သင်နှင့်တွေ့၍၊ သက်သေခံချက်ထားသော သေတ္တာဖုံးအပေါ်၊ ခေရုဗိမ်နှစ်ပါး စပ်ကြားမှာ သင်နှင့် နှုတ်ဆက်သဖြင့်၊ ဣသရေလအမျိုးသားတို့၌ ဆင့်ဆိုရာသမျှတို့ကို စီရင်မည်။
23
အလျားနှစ်တောင်၊ အနံတတောင်၊ အမြင့်တတောင်ထွာရှိသော စားပွဲကိုလည်း အကာရှသားနှင့် လုပ်၍၊
24
ရွှေစင်နှင့် မွမ်းမံရမည်။ စားပွဲအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း၊
25
အနံလက်တဝါးရှိသော ခါးပန်းကို၎င်း၊ ခါးပန်းအပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကို၎င်း လုပ်ရမည်။
26
ရွှေလေးကွင်းကိုလည်း လုပ်၍၊ ခြေထောက်လေးခု အထက်စားပွဲလေးထောင့်၌ တပ်ရမည်။
27
ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ၍၊ စားပွဲထမ်းစရာ ထမ်းဘိုးနေရာဖြစ်ရမည်။
28
စားပွဲထမ်းစရာ အကာရှသားထမ်းဘိုးကို လုပ်၍ ရွှေနှင့်မွမ်းမံရမည်။
29
စားပွဲနှင့်ဆိုင်သော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာဖလားများကိုလည်း ရွှေစင်နှင့် လုပ်ရမည်။
30
ငါ့ရှေ့၊ စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို အစဉ်တင်ရမည်။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်

Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options