Lompat ke konten
ဓမ္မရာဇဝင်စတုတ္ထစောင် 5:1-14

ဓမ္မရာဇဝင်စတုတ္ထစောင် 5:1-14

1
ရှုရိရှင်ဘုရင်၏ ဗိုလ်ချုပ်မင်းနေမန်သည် မိမိ သခင်ထံမှာ မျက်နှာရသောသူ၊ ဘုန်းကြီးသောသူဖြစ်၏။ အကြောင်းမူကား၊ ရှုရိပြည်သည် ထိုသူအားဖြင့် အောင်ရ သောအခွင့်ကို ထာဝရဘုရား ပေးတော်မူပြီ။ ထိုသူသည် ခွန်အားကြီးသော စစ်သူရဲဖြစ်၏။ သို့ရာတွင် နူနာစွဲ၏။
2
ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ချီသွား စဉ်တွင်၊ ဣသရေလပြည်မှ ဘမ်းခဲ့သော မိန်းမငယ် တယောက်သည် နေမန်၏မယားထံ၌ ကျွန်ခံရ၏။
3
ထိုကျွန်မကလည်း၊ ကျွန်မသခင်သည် ရှမာရိမြို့ ၌ရှိသော ပရောဖက်ထံသို့ ရောက်ပါစေသော။ ထိုပရော ဖက်သည် သခင်၌ စွဲသော နူနာကို ပျောက်စေလိမ့်မည်ဟု မိမိသခင်မအားဆို၏။
4
နေမန်သည် မိမိအရှင်ထံသို့ ဝင်၍ဣသရေလ အမျိုးမိန်းမငယ်စကားကို ပြန်လျှောက်၏။
5
ရှုရိရှင်ဘုရင်ကလည်း သွားလော့။ သွားလော့။ ဣသရေလရှင်ဘုရင်ထံသို့ စာပေးလိုက်မည်ဟု အမိန့် တော်အတိုင်း၊ နေမန်သည် ငွေအခွက်တရာ၊ ရွှေအခွက် ခြောက်ဆယ်၊ အဝတ်ဆယ်စုံကို ယူသွား၍၊
6
ဣသရေလရှင်ဘုရင်ထံသို့ မိမိအရှင်၏စာကို သွင်းလေ၏။ စာ၌ပါသော အချက်ဟူမူကား၊ ကိုယ်တော် သည် ငါ့ကျွန်နေမန်၏နူနာကို ပျောက်စေခြင်းငှါ သူ့ကို ဤစာနှင့် အတူငါစေလွှတ်သည်ဟု ပါသတည်း။
7
ဣသရေလရှင်ဘုရင်သည် ထိုစာကိုကြည့်ပြီးမှ၊ မိမိအဝတ်ကို ဆုတ်၍၊ ငါသည်အသက်ပေးပိုင်၊ နှုတ်ပိုင် သော ဘုရားဖြစ်သောကြောင့်၊ ဤသူသည် လူနူကိုချမ်းသာပေးစေခြင်းငှါ ငါ့ထံသို့စေလွှတ်သလော။ ကြည့်ကြလော။ ဤသူသည် ငါ့ကို အဘယ် မျှလောက်ရန်ရှာချင်သည်ကို ကြည့်ကြလော့ဟု ဆို၏။
8
ဣသရေလရှင်ဘုရင်သည် မိမိအဝတ်ကို ဆုတ် သည်ဟု ဘုရားသခင်၏ လူဧလိရှဲသည်ကြားလျှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝတ်ကို ဆုတ် သနည်း။ ထိုသူသည် ငါ့ထံသို့ လာပါလေစေ။ ဣသရေလ ပြည်၌ ပရောဖက်ရှိသည်ကိုသိလိမ့်မည်ဟု ရှင်ဘုရင်ကို မှာလိုက်လေ၏။
9
ထိုကြောင့်၊ နေမန်သည် မြင်းရထားကို စီးသွား၍ ဧလိရှဲအိမ်ရှေ့ မှာ ရပ်နေ၏။
10
ဧလိရှဲက၊ သင်သည်သွား၍ ယော်ဒန်မြစ်၌ ခုနစ်ကြိမ်တိုင် အောင်ရေချိုးလော့။ အသားပြောင်း၍ သန့်ရှင်းလိမ့်မည်ဟု လူကိုစေလွှတ် ၍ ပြောစေ၏။
11
နေမန်ကလည်း၊ အကယ်၍ ပရောဖက်သည် ထွက်လာမည်။ ငါ့အနားမှာ ရပ်လျက် မိမိဘုရားသခင် ထာဝရဘုရား၏နာမကို ခေါ်၍ မိမိလက်နှင့်သုံးသပ် သဖြင့် နူနာကို ပျောက်စေမည်ဟု ငါထင်၏။
12
ဒမာသက်ပြည်၌အာဗနမြစ်၊ ဖာဖာမြစ်တို့သည် ဣသရေလမြစ်အလုံးစုံထက်သာ၍ ကောင်းသည် မဟုတ် လော။ ထိုမြစ်၌ ငါရေချိုး၍ မသန့်ရှင်းရသလောဟု ဆိုလျက် အမျက်ထွက်၍ ပြန်သွား၏။
13
ကျွန်တို့သည် ချဉ်းလာ၍ အဘ၊ ခက်သောအမှု ကို ပြုရမည်ဟု ပရောဖက်စီရင်လျှင် ပြုတော်မူမည် မဟုတ်လော။ ရေချိုး၍သာ သန့်ရှင်းခြင်းသို့ ရောက် လော့ဟု စီရင်လျှင် အဘယ်မျှလောက်သာ၍ ပြုတော်မူ သင့်ပါသည်တကားဟု လျှောက်ကြသော်၊
14
နေမန်သည် သွား၍ ဘုရားသခင်၏ လူစီရင် သည်အတိုင်း၊ ယော်ဒန်မြစ်၌ ကိုယ်ကိုခုနစ်ကြိမ်နှစ် သဖြင့်၊ သူ၏အသားသည် သူငယ်၏အသားကဲ့သို့ ပြောင်း၍ သန့်ရှင်းခြင်းသို့ ရောက်၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options