Skip to content
ရာဇဝင်ချုပ်ဒုတိယစောင် 35:20-27

ရာဇဝင်ချုပ်ဒုတိယစောင် 35:20-27

20
ထိုနောက်မှ၊ ယောရှိသည် ဗိမာန်တော်ကို ပြင် ဆင်ပြီးမှ၊ အဲဂုတ္တုရှင်ဘုရင်နေခေါသည် ဥဖရတ်မြစ်နား၊ ခါခေမိတ်မြို့သို့ စစ်ချီသည်တွင်၊ ယောရှိမင်းသည် ဆီးတားခြင်းငှါ ထွက်လေ၏။
21
အဲဂုတ္တုရှင်ဘုရင်က၊ အိုယုဒရှင်ဘုရင်၊ သင် သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ သင့်ကို ယနေ့ ငါစစ်ချီသည်မဟုတ်။ ငါနှင့်စစ်တိုက်ဘက် ဖြစ်သော အမျိုးကိုစစ်ချီ၏။ ငါအလျင်အမြန်ပြမည်အကြောင်း ဘုရားသခင်မှာထားတော်မူပြီ။ ငါ့ဘက်၌ ရှိသောဘုရား သခင်ကို ဆန့်ကျင်ဘက်မပြုဘဲနေလော့။ သို့မဟုတ် သင့်ကိုဖျက်ဆီးတော်မူမည်ဟု သံတမန်ကိုစေလွှတ်၍ မှာလိုက်လေ၏။
22
သို့ရာတွင် ယောရှိသည် မလွှဲမရှောင်၊ နေခေါ ဆင့်ဆိုသော ဘုရားသခင်၏ အမိန့်တော်ကို နား မထောင်၊ စစ်တိုက်ခြင်းငှါ ခြားနားသော အယောင်ကို ဆောင်လျက်၊ မေဂိဒ္ဒေါချိုင့်၌ စစ်ပွဲထဲသို့ ဝင်လေ၏။
23
လေးသူရဲတို့သည် ယောရှိမင်းကြီးကိုပစ်၍ မှန် သဖြင့်၊ မင်းကြီးက ငါ့ကိုဆောင်သွားလော့။ ပြင်းစွာ အထိအခိုက်ခံရသည်ဟု ကျွန်တို့အား ဆိုလျှင်၊
24
ကျွန်တို့သည် ရထားတော်ပေါ်ကချ၍၊ ဒုတိယ ရထားတော်ပေါ်၌ တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွားသောအခါ၊ အနိစ္စရောက်၍ ဘိုးဘေးတို့ သင်္ချိုင်း သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ ယုဒပြည်သူ၊ ယေရု ရှလင်မြို့ သားအပေါင်းတို့သည်၊ ယောရှိမင်းအနိစ္စ ရောက်သောကြောင့် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
25
ယေရမိသည်လည်း မြည်တမ်းသောစကားကို စီရင်၍ သီချင်းသည်ယောက်ျားမိန်းမရှိသမျှတို့သည်၊ ယနေ့တိုင်အောင် ယောရှိမင်းကို အောက်မေ့လျက်၊ ထိုမြည်တမ်းသောစကားကို သုံးဆောင်သဖြင့်၊ ဣသရေ လထုံးစံ ဖြစ်လေ၏။ ထိုစကားသည် မြည်တမ်းစာ၌ ရေးထားလျက်ရှိသတည်း။
26
ယောရှိပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် ထာဝရဘုရား၏ ပညတ္တိကျမ်း၌ ရေးထားသည် အတိုင်း ကျေးဇူးပြုခြင်း၊
27
အကျင့်ကျင့်ခြင်းအရာအစ အဆုံးတို့သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက် ရှိ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 90 chars

Options