Skip to content
ဓမ္မရာဇဝင်ပဌမစောင် 26:13-20

ဓမ္မရာဇဝင်ပဌမစောင် 26:13-20

13
ထိုအခါ ဒါဝိဒ်သည် ကျယ်သောချိုင့် တဘက်သို့ကူး၍၊ ဝေးသော တောင်ထိပ် အပေါ်မှာရပ်လျက်၊
14
အိုအာဗနာ၊ သင်သည် မထူးသလောဟု လူများနှင့် နေရသား အာဗနာကို ဟစ်လေ၏။ အာဗနာက၊ ရှင်ဘုရင်ကို ဟစ်သောသင်ကား အဘယ်သူနည်းဟု ပြန်၍မေးလျှင်၊
15
ဒါဝိဒ်က၊ သင်သည်ယောက်ျားမဟုတ်လော။ ဣသရေလအမျိုး၌ သင်နှင့်အဘယ်သူ တူသနည်း။ သို့ဖြစ်၍ သင်၏သခင် ရှင်ဘုရင်ကို အဘယ်ကြောင့်မစောင့်သနည်း။ သင်၏သခင်ရှင်ဘုရင်ကို သတ်အံ့သောငှါ လူတယောက်ဝင်လေပြီ။
16
သင်ပြုသောအမှုသည် မလျောက်ပတ်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သင်၏သခင်ကို မစောင့်သောကြောင့်၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သင်သည် အသေခံထိုက်ပေ၏။ ခေါင်းရင်းတော်နားမှာ ထားသော ရှင်ဘုရင်၏ လှံတော်နှင့် ရေဘူးတော်ရှိသည် မရှိသည်ကို ကြည့်ရှုလော့ဟု အာဗနာအားပြောဆို၏။
17
ရှောလုသည် ဒါဝိဒ်စကားသံကို သိ၍ ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟု မေးလျှင် ဒါဝိဒ်က ကျွန်တော်စကားသံမှန်ပါ၏။ ကျွန်တော်သခင်အရှင်မင်းကြီးဟု လျှောက်လေ၏။
18
တဖန်ဒါဝိဒ်က၊ သခင်သည် ကိုယ်တော်ကျွန်ကို အဘယ်ကြောင့် ဤသို့လိုက်၍ရှာတော်မူသနည်း။ ကျွန်တော်သည် အဘယ်သို့ပြုပါသနည်း။ ကျွန်တော်အဘယ်အပြစ် ရှိပါသနည်း။
19
ယခုမှာ ကျွန်တော်သခင်ရှင်ဘုရင်၊ ကိုယ်တော်ကျွန်တော်စကားကို နားညောင်းတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်ကို ကျွန်တော်တဘက်၌ နှိုးဆော်တော်မူသည် မှန်လျှင်၊ ယဇ်ပူဇော်ခြင်းကို လက်ခံတော်မူပါစေသော။ သို့မဟုတ် လူသားတို့ နှိုးဆော်သည် မှန်လျှင်၊ ထာဝရဘုရား ရှေ့တော်၌ ကျိန်ခြင်းကို ခံကြပါစေသော။ အကြောင်းမူကား၊ သူတို့က သွားတော့။ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုတော့ဟု ဆိုလျက် ကျွန်တော်ကို ထာဝရဘုရား၏ အမွေတော်မြေ၌ မနေစေခြင်းငှါ ယနေ့ပင် နှင်ထုတ်ကြပါသည်တကား။
20
သို့ဖြစ်၍ ကျွန်တော်အသွေးသည် ထာဝရဘုရားရှေ့တော်၌ မြေသို့ မကျပါစေနှင့်။ အကြောင်းမူကား၊ လူသည် ငုံးကို တောင်ပေါ်မှာလိုက်၍ ရှာသကဲ့သို့ ဣသရေလရှင်ဘုရင်သည် ခွေးလှေးကို ရှာခြင်းငှါ ထွက်တော်မူပါပြီတကားဟု လျှောက်ဆို၏။
Settings

Reading Style

Typeface

Font Size 19px

Options