ဓမ္မရာဇဝင်ပဌမစောင် 18:17-25
17
တဖန်ရှောလုသည် ဒါဝိဒ်ကိုခေါ်၍ ငါ့သမီးကြီး မေရပ်ကို သင့်အား ငါပေးစားမည်။ သင်သည် ငါ့အဘို့ ရဲရင့်၍ ထာဝရဘုရားအဘို့ စစ်တိုက်ခြင်းကိုသာ ပြုလော့ဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ ငါ့လက်သည် သူ့အပေါ်သို့ မရောက်စေနှင့်။ ဖိလိတ္တိလူတို့ လက်သည် ရောက်ပါစေသောဟု ရှောလု အကြံရှိ၏။
18
ဒါဝိဒ်ကလည်း၊ ကျွန်တော်သည် ရှင်ဘုရင်၏ သမက်တော်ဖြစ်ရပါမည်အကြောင်း အဘယ်သို့သော သူဖြစ်ပါသနည်း။ ကျွန်တော်အသက်နှင့် ကျွန်တော် အဆွေအမျိုးသည်၊ ဣသရေလနိုင်ငံ၌ အဘယ်သို့ မြတ်ပါသနည်းဟု ရှောလုအား လျှောက်၏။
19
သို့ရာတွင်၊ ရှောလု၏သမီး မေရပ်ကို ဒါဝိဒ်အား ပေးစားရသော အချိန်ရောက်သောအခါ၊ မေဟော လသိအမျိုး အဒြေလအား ပေးစားလေ၏။
20
တဖန် ရှောလုသမီး မိခါလသည် ဒါဝိဒ်ကို ချစ်၏။ ထိုအကြောင်းကို လျှောက်သောအခါ၊ ရှောလု သည် အားရလျက်၊-
21
ငါ့သမီးသည် ဒါဝိဒ်ကိုကျော့မိ၍ ဖိလိတ္တိလူတို့ လက်သို့ ရောက်စေခြင်းငှါ ပေးစားမည်ဟု အကြံရှိ၏။
22
နန်းတော်သားအချို့ကို ခေါ်၍၊ သင်တို့သည် ဒါဝိဒ်နှင့် တိတ်ဆိတ်စွာ စကားပြောရမည်မှာ၊ ရှင်ဘုရင် သည် သင့်ကို စုံမက်၍၊ ရှင်ဘုရင်၏ ကျွန်အပေါင်းတို့သည်လည်း ချစ်ကြ၏။ သို့ဖြစ်၍ ရှင်ဘုရင်၏ သမက်တော်ဖြစ်ကောင်းပါ၏ဟု မှာထားသည်အတိုင်း၊-
23
ရှောလု၏ ကျွန်တို့သည် ဒါဝိဒ်အား ပြောကြ၏။ ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် အသရေမရှိသော ဆင်းရဲသားဖြစ်လျက်နှင့် ရှင်ဘုရင်၏ သမက်တော်လုပ်ရသောအမှုသည် သာမညအမှု ထင် သလောဟု ပြောဆို၏။
24
ရှောလုကျွန်တို့ကလည်း၊ ဒါဝိဒ်သည် ဤသို့ပြောဆိုပါသည်ဟု လျှောက်လျှင်၊-
25
သင်တို့သည် တဖန်ပြောရမည်မှာ၊ ရှင်ဘုရင်သည် ရန်သူတို့၌ စိတ်တော်ပြေမည်အကြောင်း၊ ဖိလိတ္တိ လူတို့၏ အရေဖျားတရာမှ တပါးအခြားသော လက်ဖွဲ့ရာကို အလိုတော်မရှိဟု မှာထား၏။ သို့ရာတွင် ဒါဝိဒ်ကို ဖိလိတ္တိလူတို့လက်ဖြင့် ဆုံးစေမည်ဟု ရှောလုအကြံရှိ၏။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်
Settings