Skip to content

ဆာလံကျမ်း60

ပြန်လည်ထူထောင်တော်မူရန် ငိုကြွေးတောင်းပန်ခြင်း

1
အိုဘုရားသခင်၊ ကိုယ်တော်သည် အမျက်ထွက်သဖြင့်၊ အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရပ်ရပ်သို့ ကွဲပြားစေတော်မူပြီ။ တဖန် အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။
2
မြေကြီးကို လှုပ်၍ ခွဲတော်မူပြီ။ ကွဲအက်ရာတို့ကို တဖန် စေ့စပ်စေတော်မူပါ။ တုန်လှုပ်လျက် ရှိပါသေး၏။
3
ကိုယ်တော်၏လူတို့ကို ခက်ထန်စွာ စီရင်၍၊ မှိုင်တွေခြင်း စပျစ်ရည်ကို တိုက်တော်မူပြီ။
4
ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် သစ္စာတရားကြောင့် ထူရသော အလံကို ပေးသနားတော် မူပြီ။
5
ချစ်တော်မူသော သူတို့သည် ချမ်းသာရမည်အကြောင်း၊ အကျွန်ုပ်စကားကို နားထောင်၍၊ လက်ျာလက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ။

ဘုရားသခင်၏အချုပ်အခြာအာဏာတော်ကို ကြေညာခြင်း

6
သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍ ဘုရားသခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက်မည်။ ရှေခင်မြို့ကို ပိုင်းခြားမည်။ သုကုတ်လယ်ပြင်ကို တိုင်းထွာမည်။
7
ဂိလဒ်ပြည်ကို ငါပိုင်ရ၏။ မနာရှေပြည်ကိုလည်း ငါပိုင်ရ၏။ ဧဖရိမ်ပြည်ကား၊ ငါ့ဦးခေါင်း၏အစွမ်း ဖြစ်ရ၏။ ယုဒပြည်ကား၊ ငါ၏ လွှတ်တော်ဖြစ်ရ၏။
8
မောဘပြည်ကား၊ ငါ့ရေချိုးအိုးဖြစ်ရ၏။ ဧဒုံပြည်ကား၊ ငါ့ခြေနင်းရာ ဖြစ်ရ၏။ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်။

အောင်ပွဲရရန် ထပ်မံတောင်းပန်ခြင်း

9
အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူသွင်းပေးမည်နည်း။ ဧဒုံပြည်သို့ ငါကို အဘယ်သူ လမ်းပြမည်နည်း။
10
အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။
11
ဒုက္ခနှင့် ကင်းလွတ်စေခြင်းငှါ မစတော်မူပါ။ လူတို့သည် ကယ်တင်ခြင်းငှါ မတတ်နိုင်ကြပါ။
12
ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည်။ ငါတို့၏ ရန်သူများကို ကိုယ်တော်တိုင် နင်းတော်မူမည်။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options