ဖိလိပ္ပိဩဝါဒစာ 4:14-23
14
သို့သော်လည်း ဆင်းရဲဒုက္ခကိုငါ ခံရစဉ်အခါ၊ သင်တို့သည် ငါနှင့်ဆက်ဆံသောအားဖြင့် ကောင်းမွန်စွာ ပြုကြပြီ။
15
အချင်းဖိလိပ္ပိမြို့သားတို့၊ ဧဝံဂေလိတရားကို ဟောစပြု၍၊ မာကေဒေါနိပြည်မှ ငါထွက်ဆဲရှိသောအခါ အလှူလှူခြင်း၊ အလှူခံခြင်းအမှု၌၊ သင်တို့မှတပါး အဘယ်အသင်းတော်မျှငါနှင့်မဆက်ဆံကြ။
16
သက်သာလောနိတ်မြို့၌ ငါရှိစဉ်ပင်၊ ငါလိုသောအရာကို သင်တို့သည် နှစ်ကြိမ်တိုင်အောင် ပေးလိုက် ကြ၏။
17
ထိုသို့ငါဆိုသော်၊ အလှူကို ရှာသည်မဟုတ်၊ သင်တို့၌ ကြွယ်ဝသောအကျိုးကို ရှာ၏။
18
ယခုအခါ အရာရာ၌ငါရတတ်၏။ ဥစ္စာကြွယ်ဝ၏။ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ၍၊ ဘုရားသခင် နှစ်သက်အားရတော်မူသော ယဇ်တည်းဟူသော သင်တို့ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်လက်မှ ငါခံရ သည်ဖြစ်၍ ကြွယ်ဝလျက်ရှိ၏။
19
ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့် မည်။
20
ငါတို့အဘတည်းဟူသော ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
21
ယေရှုခရစ်၌ရှိသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။
22
ငါနှင့်အတူရှိသော ညီအစ်ကိုမှစ၍ သန့်ရှင်းသော သူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ ကဲသာဘုရင်၏ နန်းတော်၌နေသော သန့်ရှင်းသူတို့သည် အထူးသဖြင့် နှုတ်ဆက်ကြ၏။
23
ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ရှိစေသတည်း။ အာမင်။ ဖိလိပ္ပိဩဝါဒစာပြီး၏။
Settings