တရားသူကြီးမှတ်စာ 15:9-19
9
တဖန် ဖိလိတ္တိလူတို့သည် ယုဒပြည်သို့ ချီသွား၍ တပ်ချသဖြင့်၊ လေဟိအရပ်၌ အနှံ့အပြားနေကြ၏။
10
ယုဒလူတို့ကလည်း၊ အဘယ်ကြောင့် ချီလာကြသနည်းဟု မေးသော်၊ ငါတို့၌ ရှံဆုန်ပြုသကဲ့သို့ သူ့ကို ချည်နှောင်၍ ပြုခြင်းငှါ ချီလာသည်ဟု ပြန်ပြောကြ၏။
11
ထိုအခါ ယုဒလူသုံးထောင်တို့သည် ဧတံကျောက်ထိပ်သို့ သွား၍၊ ဖိလိတ္တိလူတို့သည် ငါတို့သခင် ဖြစ်ကြောင်းကို သင်မသိသလော။ သင်သည် ငါတို့၌ အဘယ်သို့ ပြုသနည်းဟု မေးသော်၊ ငါ၌ သူတို့ပြုသကဲ့သို့ သူတို့၌ ငါပြုပြီဟု ပြန်ပြော၏။
12
သူတို့ကလည်း၊ သင့်ကို ချည်နှောင်၍ ဖိလိတ္တိလူတို့လက်သို့ အပ်ခြင်းငှါ ယခု ငါတို့ လာကြပြီဟုဆိုသော်၊ ရှံဆုန်က၊ သင်တို့သည် ကိုယ်တိုင် ငါ့ကို မလုပ်ကြံပါဟု ကျိန်ဆိုကြလော့ဟု ဆိုလျှင်၊
13
သူတို့က၊ ငါတို့သည် မလုပ်ကြံပါ။ ကျပ်ကျပ်ချည်နှောင်၍ သူတို့လက်၌ အပ်မည်။ အကယ်စင်စစ် ကိုယ်တိုင်သင့်ကို မသတ်ပါဟုဆိုလျက် ကြိုးသစ်နှစ်စင်းဖြင့် ချည်နှောင်၍ ကျောက်ပေါ်က ဆောင်ခဲ့ကြ၏။
14
လေဟိအရပ်သို့ ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် ကြွေးကြော်ကြ၏။ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူ့လက်၌ ချည်သော ကြိုးတို့သည် မီးထိသော ပိုက်ဆန်ကဲ့သို့ ဖြစ်၍ အချည်အနှောင်ကျွတ်လေ၏။
15
သူသည်လည်း မြည်းမေးရိုးလတ်လတ်ကို တွေ့၍ ကိုင်ယူပြီးလျှင် လူတထောင်တို့ကို သတ်လေ၏။
16
သတ်ပြီးလျှင် မြည်းမေးရိုးဖြင့် အပုံပုံ၊ မြည်းမေးရိုးဖြင့် လူတထောင်ကို ငါသတ်လေပြီဟု ဆိုသောနောက်၊
17
မြည်းမေးရိုးကို ပစ်လိုက်၍၊ ထိုအရပ်ကို ရာမတ်လေဟိအမည်ဖြင့် တွင်လေ၏။
18
အလွန်ရေငတ်၍ ထာဝရဘုရားကို ဆုတောင်းလျက်၊ ကိုယ်တော်သည် ဤကြီးစွာသော ကယ်တင်ခြင်း ကို ကိုယ်တော်၏ကျွန်လက်၌ ပေးတော်မူပြီးမှ၊ ယခု အကျွန်ုပ်သည် ရေငတ်သဖြင့် သေ၍ အရေဖျား လှီးခြင်းကို မခံသော လူတို့လက်သို့ ရောက်ရပါမည်လောဟု လျှောက်သော်၊
19
လေဟိအရပ်၌ ချိုင့်ဝှမ်းရာကို ဘုရားသခင်ဖောက်တော်မူ၍ ရေထွက်လေ၏။ သူသည် ရေကို သောက်သဖြင့် အသက်ရှူပြန်၍ အားဖြည့်လေ၏။ သို့ဖြစ်၍ ထိုချိုင့်ဝှမ်းရာကို အဟက္ကောရအမည်ဖြင့် တွင်၍ ယနေ့တိုင်အောင် လေဟိအရပ်၌ ရှိသတည်း။
Settings