ယေရမိအနာဂတ္တိကျမ်း 25:1-14
1
ယုဒရှင်ဘုရင် ယောရှိမင်းကြီးသား ယောယ ကိမ်နန်းစံ စတုတ္ထနှစ်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ ပဌမနှစ်တွင်၊ ယုဒပြည်သားအပေါင်းတို့ကို ရည် မှတ်၍၊ ယေရမိသို့ ရောက်လာသော နှုတ်ကပတ်တော်ကို၊
2
ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့ အား၊ ယေရမိဆင့်ဆိုဟောပြောရသည်ကား၊
3
ယုဒရှင်ဘုရင် အာမုန်သား ယောရှိနန်းစံ ဆယ် သုံးနှစ်မှစ၍ ယခုတိုင်အောင်၊ အနှစ်နှစ်ဆယ်သုံးနှစ်ပတ် လုံး ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်အတိုင်း၊ ငါသည် စောစောထ၍ အမိန့် တော်ကို အထပ်ထပ်ဆင့်ဆိုသော်လည်း၊ သင်တို့သည် နားမထောင်ဘဲ နေကြ၏။
4
ထာဝရဘုရားသည်လည်း၊ စောစောထ၍ မိမိကျွန် ပရောဖက်အပေါင်းတို့ကို၊ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်တော်မူသော်လည်း၊ သင်တို့သည် နားမထောင်ကြ။ အမိန့်တော်ကို ကြားခြင်းငှါ နားကို မလှည့်ဘဲ နေကြ၏။
5
ထိုပရောဖက်တို့က၊ သင်တို့အသီးအသီး လိုက် သောလမ်းဆိုးနှင့် အကျင့်ဆိုးများကို ပယ်ရှား၍၊ သင်တို့ နှင့် ဘိုးဘေးတို့အား ထာဝရဘုရားသည် အမြဲပေးတော် မူသော ပြည်၌ နေကြလော့။
6
အခြားတပါးသော ဘုရားနောက်သို့ လိုက်၍ ဝတ်မပြု၊ မကိုးကွယ်ကြနှင့်။ ကိုယ်လက်နှင့် လုပ်သော အရာများအားဖြင့်၊ ငါ၏အမျက်ကို မထွက်စေကြနှင့်။ ငါသည်လည်း၊ သင်တို့ကို မညှဉ်းဆဲဟု ဆင့်ဆိုကြ၏။
7
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့ ဆင့်ဆိုကြသော်လည်း၊ သင်တို့သည် ကိုယ်၌အကျိုးနည်း ဖြစ်စေခြင်းငှါ၊ ကိုယ်လက်နှင့် လုပ်သော အရာများအား ဖြင့်၊ ငါ၏အမျက်ကို ထွက်စေသော အခွင့်ရှိမည် အကြောင်း၊ ငါ့စကားကို နားမထောင်ဘဲနေကြပြီ။
8
ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်သောကြောင့်၊
9
ဤပြည်နှင့် ပြည်သားများကို၎င်း၊ ပတ်ဝန်းကျင် ၌ရှိသော လူအမျိုးမျိုးတို့ကို၎င်း စစ်တိုက်စေခြင်းငှါ၊ ငါ၏ ကျွန်ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာအစရှိသော မြောက်ပြည်သား အမျိုးမျိုးအပေါင်းတို့ကို ငါမှာလိုက်၍ ဆောင်ခဲ့ပြီးလျှင်၊ ရှင်းရှင်းဖျက်ဆီး၍၊ ဤပြည်သားတို့ကို အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အစဉ်အမြဲ လူဆိတ်ညံရာ ဖြစ်စေမည်။
10
ဤသူတို့တွင် ဝမ်းမြောက်သော အသံ၊ ရွှင်လန်း သောအသံ၊ မင်္ဂလာဆောင်သတို့သား၏အသံ၊ သတို့သမီး ၏အသံ၊ ကြိတ်ဆုံသံနှင့် မီးခွက်အလင်းကို ငါကွယ် ပျောက်စေမည်။
11
ဤပြည်တရှောက်လုံးသည် လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ ဖြစ်လိမ့်မည်။ ဤလူမျိုးတို့သည် အနှစ် ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင်၏ အမှုကို ဆောင် ရွက်ရကြလိမ့်မည်။
12
ထာဝရဘုရားမိန့်တော်မူသည်ကား၊ အနှစ် ခုနစ်ဆယ်စေ့သောအခါ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏ နိုင်ငံတည်းဟူသော ခါလဒဲတိုင်းနိုင်ငံ၏ အပြစ် ကြောင့်၊ ငါသည် သူတို့ကို ဒဏ်ပေး၍၊ ထိုနိုင်ငံကို အစဉ် အမြဲ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။
13
ငါခြိမ်းသောစကားများတည်းဟူသော ယေရမိ သည် ခပ်သိမ်းသော တိုင်းနိုင်ငံတို့တဘက်၌ ဟောပြော ၍၊ ဤစာ၌ရေးထားသော စကားရှိသမျှတို့ကို ခါလဒဲ တိုင်းနိုင်ငံအပေါ်မှာ ငါသက်ရောက်စေမည်။
14
များစွာသော လူမျိုးတို့နှင့် ကြီးသော ရှင်ဘုရင် တို့သည် ခါလဒဲပြည်သားတို့ကို စေစားကြလိမ့်မည်။ သူတို့ ကျင့်သော အကျင့်၊ သူတို့ကိုယ်တိုင်ပြုသော အမှုနှင့် အလျောက်၊ အကျိုးအပြစ်ကို ငါဆပ်ပေးမည်။
Settings