Skip to content
ကောလောသဲဩဝါဒစာ 1:1-15

ကောလောသဲဩဝါဒစာ 1:1-15

1
ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါညီတိမော သေသည်၊
2
ကောလောသဲမြို့၌နေသော သန့်ရှင်းသူတည်းဟူသော၊ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
3
သင်တို့သည် ယေရှုခရစ်ကိုယုံကြည်၍၊သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်ဟု ငါတို့သည် ကြားသဖြင့်၎င်း၊
4
သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို သင်တို့သည်အထက်က ကြားသိကြသည် အတိုင်း၊ သင်တို့ အဘို့ကောင်းကင်ဘုံ၌ သိုထားသော မြော်လင့်ရာကို ထောက်သဖြင့်၎င်း၊ သင်တို့အဘို့ အစဉ်မပြတ် ဆုတောင်း၍၊
5
ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏။
6
ထိုတရားသည် လောကီနိုင်ငံတရှောက်လုံးကို နှံ့ပြားသည်နှင့်အညီ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ။ သင်တို့၌ အသီးသီးခြင်း၊ တိုးပွါးခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ပင် ပြုတတ်၏။
7
သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါတို့ချစ်သော ကျွန်ချင်း ဧပဖြသည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည် ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို မှန်ကန် စွာ ဝန်ခံသောနေ့မှစ၍ ထိုသို့သောအကျိုးရှိ၏။
8
သင်တို့၌ရှိသော ဝိညာဉ်ပကတိမေတ္တာကို ဧပဖြသည် ငါတို့အားပြခဲ့ပြီ။
9
ထို့ကြောင့်၊ ငါတို့သည် ကြားရသည်နေ့မှစ၍၊ သင်တို့အဘို့ အလိုငှါ အစဉ်မပြတ်ဆုတောင်း ပဌနာပြုလျက် နေကြ၏။
10
ဆုတောင်းသောအချက်ဟူမူကား၊ သင်တို့သည် ကောင်းသော အကျင့်အမျိုးမျိုးတည်း ဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသော ဉာဏ်တိုးပွါးခြင်း ရှိသဖြင့်၎င်း၊ ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌ သည်းခံခြင်း၊ စိတ်ရှည်ခြင်းအလိုငှါ၊ ဘုန်းကြီးသော တန်ခိုးတော်အတိုင်း ခွန်အားနှင့် ပြည့်စုံသဖြင့်၎င်း၊
11
ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့် ထိုက်လျောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှါ၊ ပညာအမျိုးမျိုး၊ ဓမ္မဉာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင်နားလည်ပါမည်အကြောင်း ဆုတောင်းပဌနာပြု၏။
12
အလင်း၌နေသော သန့်ရှင်းသူတို့၏ အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက်မည်အကြောင်း ကျေးဇူးပြုတော်မူ၏။
13
မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။
14
ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူး ကို ငါတို့သည် ခံရကြ၏။
15
ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options