Skip to content
ဓမ္မရာဇဝင်ဒုတိယစောင် 12:12-23

ဓမ္မရာဇဝင်ဒုတိယစောင် 12:12-23

12
သင်သည် ဤအမှုကိုမထင်မရှားပြုသော်လည်း၊ နေရှေ့မှာ ငါလှန်ပြမည်ဟု ထာဝရဘုရားမိန့်တော် မူသော စကားကိုပြန်ကြားလေ၏။
13
ဒါဝိဒ်ကလည်း၊ ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အား ဝန်ချ၍ နာသန်က၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ၊ တာဝရဘုရားသည် ကိုယ်တော်အပြစ်ကို ပယ်တော်မူပြီ။
14
သို့သော်လည်း ကိုယ်တော်သည် ထိုသို့ပြစ်မှား သောအားဖြင့်၊ ကဲ့ရဲ့စရာအခွင့်ကြီးကို ထာဝရဘုရား၏ ရန်သူတို့အားပေးသောကြောင့်၊ ယခုမြင်သောသားသည် ဆက်ဆက်သေရမည်ဟု ဒါဝိဒ်အားလျှောက် ဆိုပြီးလျှင်၊
15
နန်းတော်မှ ထွက်သွားသောနောက်၊ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ ဥရိယမယားတွင် ဘွားမြင်သော ဒါဝိဒ်၏သားသည် ပြင်းစွာသော ဝေဒနာကို ခံရ၏။
16
ဒါဝိဒ်သည် သူငယ်အတွက် ထာဝရဘုရားအား တောင်းပန်လေ၏။ အစာကိုရှောင်လျက်၊ အထဲသို့ဝင်၍ တညဉ့်လုံးမြေပေါ်မှာ အိပ်လျက်နေ၏။
17
နန်းတော်သား အသက်ကြီးသူတို့သည်ထ၍ ကိုယ်တော်ကို ချီကြွအံ့သောငှါ ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်သည် ငြင်းပယ်၍ သူတို့နှင့်အတူ အစာမစားဘဲနေ၏။
18
ခုနစ်ရက်စေ့သော် သူငယ်သေ၏။ ဒါဝိဒ်၏ ကျွန်တို့ကလည်း၊ သူငယ်အသက်ရှင်စဉ်အခါ ငါတို့ လျှောက်သော စကားကိုနားထောင်တော်မမူသည်ဖြစ်၍၊ သူငယ်သေကြောင်းကို လျှောက်လျှင် အလွန်ကိုယ်ကို ကိုယ်ညှဉ်းဆဲတော်မူလိမ့်မည်ဟုဆိုလျှက် သူငယ် သေကြောင်းကို မလျှောက်ဝံ့ကြ။
19
သို့ရာတွင် ကျွန်တို့သည် တိုးတိုးပြောသောစကားကို ဒါဝိဒ်သည် ကြားလျှင်၊ သူငယ်သေကြောင်းကို ရိပ်မိသဖြင့်၊ သူငယ်သေပြီလောဟု ကျွန်တို့ကို မေးတော်မူ၏။ သူတို့ကလည်းသေပါပြီဟု လျှောက်ကြ၏။
20
ထိုအခါ ဒါဝိဒ်သည် မြေမှထ၍ ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်လဲခြင်းကို ပြုပြီးလျှင်၊ ထာဝရဘုရား ၏ အိမ်တော်သို့သွား၍ ကိုးကွယ်၏။ ထိုနောက် နန်းတော်သို့ ပြန်လာ၍ စားစရာကိုတောင်းသောအခါ၊ ကျွန်တို့ သည် စားပွဲတော်ကိုပြင်၍ မင်းကြီးသည် စားတော်မူ၏။
21
ကျွန်တို့ကလည်း၊ ကိုယ်တော်သည် အဘယ်သို့ ပြုတော်မူသနည်း။ သူငယ်အသက်ရှင်စဉ်အခါ၊ သူငယ် အတွက် အစာရှောင်လျက် ငိုကြွေးလျက် နေတော်မူ၏။ သူငယ်သေသောအခါထ၍ စားတော်ခေါ်ပါသည်တကားဟု လျှောက်လျှင်၊
22
ဒါဝိဒ်က၊ သူငယ်အသက်ရှင်စဉ်အခါ ဘုရားသခင်သည် ငါ့ကို သနားတော်မူ၍၊ သူငယ်အသက်ကို ချမ်းသာပေးတော်မမူမည်ကို အဘယ်သူ ဆိုနိုင်သနည်းဟု အောက်မေ့လျက် ငါသည် အစာရှောင်၍ ငိုကြွေး လျက်နေ၏။
23
ယခုမှာသူငယ်သေပြီ။ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ သူငယ်ကိုပြန်၍ ဆောင်ခဲ့နိုင်သလော။ သူရှိရာသို့ ငါသွားရမည်။ သူသည် ငါရှိရာသို့ မပြန်မလာ ရဟု မိန့်တော်မူ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်

Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options